ကျနော့်ဘဝရည်ရွယ်ချက်က ဘာလဲ?

သင့်ရည်ရွယ်ချက်ကိုသိလိုက်တာနဲ့ ဘဝဟာ အဓိပ္ပာယ်ပိုပြီးရှိလာမှာဖြစ်ပါတယ်။

တူတစ်ချောင်းကို စဉ်းစားကြည့်ပါ။ သံချောင်းရိုက်ဖို့ဖြစ်တယ်။ အဲဒီအတွက်လုပ်ထားတာ ဖြစ်ပါတယ်။ ကဲ- စဉ်းစားကြည့်၊ အဲဒီတူကို တစ်ခါမှမသုံးဖူးဘူး။ ကိရိယာဗူးထဲမှာရှိနေတယ်။ တူကတော့ ဘာမှသိမှာမဟုတ်ဘူး။

ကဲ- အခု အဲဒီတူကိုပဲ စိတ်ရှိတယ်၊ အသိဉာဏ်ရှိတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ကိရိယာဗူးထဲမှာပဲ

နေ့တွေအများကြီး ကုန်လွန်သွားတယ်။ သူ့အတွက် ဘဝင်မကျစရာဖြစ်နေမယ်။ ဒါပေမယ့် ဘာကြောင့်ဆိုတာတော့ သူ အတိအကျမသိဘူး။ တစ်ခုခုတော့ လိုနေတယ်။ ဒါပေမယ့် ဘာလဲဆိုတာတော့ သူသိမှာမဟုတ်ဘူး။

တစ်နေ့ကျတော့ လူတစ်ယောက်က သူ့ကို ဗူးထဲကနေဆွဲထုတ်ပြီး ဧည့်ခန်းမီးလင်းဖိုအတွက် ထင်းချောင်းတွေရိုက်ချိုးရာမှာ အသုံးပြုတယ်။ အဲဒီမှာ တူဟာ မြူးကြွရွှင်လန်းနေတယ်။ အကိုင်းအခက်တွေ ရိုက်ချိုးရာမှာ အကိုင်ခံရတာ၊ အသုံးပြုခံရတာ - ဒါကို တူက သဘောကျနေတယ်လေ။ ဒါပေမယ့် အဲဒီနေ့လွန်တဲ့အခါမှာ သူ့ဆန္ဒတွေမပြည့်သေးဘူး။ ထင်းချောင်းတွေချိုးရတာ ပျော်စရာပဲ၊ ဒါပေမယ့် အဲဒါတင် မလုံလောက်သေးဘူး။ တစ်ခုခုတော့လိုအပ်နေသေးတယ်။

အဲဒီနောက်ရက်နေ့တွေမှာ မကြာခဏ အသုံးခံရတယ်။ ဘီးဝင်ရိုးအနားကွပ်တစ်ခု ပုံပြန်ဖော်ရတယ်။ ကျောက်လွှာတွေထုခွဲရတယ်။ စားပွဲခြေတစ်ချောင်း နေရာမှန်ပြန်ဝင်အောင် ထုရတယ်။ ဒါပေမယ့် သူက မကျေနပ်နိုင်ဘူး။ နောက်အလုပ်တွေကို မျှော်လင့်နေတယ်။ တတ်အားသရွေ့ ပစ္စည်းတွေကို ရိုက်ချင်တယ်၊ ခွဲချင်တယ်၊ ထုချင်တယ်၊ ပိန့်သွားအောင်လုပ်ချင်တယ်။ ကျေနပ်တဲ့အထိ ဒီအရာတွေမလုပ်ရသေးလို့ပါ လို့ သူစဉ်းစားမိတယ်။ ဆန္ဒလိုအပ်မှုကို အာသာပြေစေမယ့်နည်းလမ်းက ဒီအလုပ်တွေကိုပိုလုပ်ခြင်းပဲလို့ သူယုံကြည်တယ်။

တစ်နေ့ကျတော့ တစ်ယောက်ယောက်ကသူ့ကို သံချောင်းရိုက်တဲ့နေရာမှာ သုံးလိုက်တယ်။ ရုတ်တရက်၊ တူရဲ့ခေါင်းထဲကနေ အကြံတစ်ချက်လင်းလက်သွားတယ်။ အမှန်တကယ်ဘာအတွက် ပြုလုပ်ခံရတယ်ဆိုတာ အခုတော့ သူကောင်းကောင်းနားလည်သွားပါတယ်။ တူဆိုတာ သံချောင်းရိုက်ဖို့ လုပ်ခဲ့တာပဲ။ နှိုင်းယှဉ်ကြည့်လိုက်တော့ သူ ထုရိုက်ခဲ့သမျှ တခြားအရာတွေက သိပ်အရေးမပါဘူး။ ကဲ အခုတော့ သူ့ရဲ့စိတ်ဝိညာဉ်က ဘာကို ဒီလောက်ကြာကြာ ရှာဖွေလာတယ်ဆိုတာ သိသွားပါပြီ။

ကျနော်တို့လူသားတွေဟာ ဘုရားနဲ့ဆက်သွယ်ဖို့အတွက် ဘုရားရဲ့ပုံသဏ္ဌာန်တော်အားဖြင့် ဖန်ဆင်းထားတာ ဖြစ်တယ်။ အဲဒီဆက်သွယ်မှုထဲရှိခြင်းသာလျှင် ကျနော်တို့စိတ်ဝိညာဉ်ကို အဆုံးစွန်ကျေနပ်စေမယ့် တစ်ခုတည်းသောအရာဖြစ်ပါတယ်။ ဘုရားကိုသိလာတဲ့အချိန်ထိတိုင်အောင် ကျနော်တို့ဟာ အံ့သြဖွယ် အတွေ့အကြုံတွေအများကြီး ရှိခဲ့ကြရပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်သံချောင်းတစ်ချောင်းမှ မရိုက်ရသေးဘူး။ တကယ်အရေးကြီးတဲ့အရာတစ်ချို့အတွက် ကျနော်တို့ အသုံးပြုခံခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒါ အခြေခံမူလရည်ရွယ်ချက်အတွက် ပြုလုပ်ခံခဲ့ရတဲ့အရာ မဟုတ်သေးဘူး။ ကျနော်တို့ကို ကျေနပ်မှု အပြည့်ဝဆုံး ဖြည့်ဆည်းပေးမယ့်အရာ မဟုတ်သေးဘူး။ သူတော်စင်သြဂတ်စတင်းက ဒီအကြောင်းအရာနဲ့ ပါတ်သက်ပြီး “အကျွနု်ပ်တို့ကို ကိုယ်တော့်အတွက် [ဘုရားသခင်အတွက်] ပြုလုပ်ခဲ့ပြီး၊ အကျွနု်ပ်တို့နှလုံးသားများသည် ကိုယ်တော့်အထံတော်၌ ခိုလှုံမှုကိုမတွေ့မချင်း မငြိမ်းချမ်းနိုင်ပါ။” လို့ အနှစ်ချုပ်ရေးသားခဲ့ပါတယ်။

ဘုရားနဲ့ဆက်သွယ်ခြင်းဟာ ကျနော်တို့ဝိညာဉ်ရဲ့တောင်းတခြင်းကို ဖြည့်ဆည်းပေးနိုင်မယ့် တစ်ခုတည်းသောအရာဖြစ်ပါတယ်။ ယေရှုခရစ်တော်က “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကိုယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ။” လို့ ပြောခဲ့ပါတယ်။ ဘုရားကိုမတွေ့မချင်း ကျနော်တို့အသက်တာမှာ ဆာလောင်ငတ်မွတ်နေကြမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ဆာလောင်ငတ်မွတ်ခြင်းကို ပြေစေဖို့ ကျနော်တို့ အမျိုးမျိုးကို “စား”ဖို့ “သောက်”ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ဆာလောင်ငတ်မွတ်ခြင်းတော့ ပျောက်မသွားပါဘူး။

ကျနော်တို့ဟာ တူလိုပါပဲ။ ကျနော်တို့ဘဝရဲ့ကွက်လပ်နဲ့ လိုအပ်ချက်တွေကို ဘာက အဆုံးသတ်ပေးမလဲဆိုတာ မသိကြဘူး။ နာဇီအကျဉ်းစခန်းတစ်ခုမှာ ရှိနေတဲ့အချိန်မှာပင် ကော်ရီတင်းဘွန်းဆိုသူက ဘုရားဟာ ရာနှုန်းပြည့် ကျေနပ်စရာဖြစ်ကြောင်းတွေ့ရှိခဲ့ပြီးတော့- “ကျွန်ုပ်တို့၏ပျော်ရွှင်ခြင်း၏ အခြေခံအုတ်မြစ်ဆိုသည်မှာ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ ဘုရားသခင့်ထံတော်၌ လုံခြုံကြပြီဟူသည်ကို သိရှိခြင်းပင်ဖြစ်သည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏မေတ္တာတော်၌ ယုံကြည်ခြင်းထားရှိနိုင်ပြီ … အနက်ရှိုင်းဆုံးသော အမှောင်တန်ခိုးထက် သာ၍အားကြီးသော အကျွနု်ပ်တို့၏ ကွယ်ကာရာကျောက်ပါတကား!” လို့ ဆိုခဲ့ပါတယ်။

ထုံးစံအတိုင်း ကျနော်တို့ ဘုရားကိုအပြင်မှာထားတယ်ဆိုရင် ဘုရားမဟုတ်တဲ့တခြားအရာတစ်ခုခုမှာ ကျေနပ်မှုကိုရှာဖွေမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအရာမှာ ဘယ်တော့မှအားမရနိုင်ဘူး။ ပြဿနာအတွက်အဖြေက ‘လိုသေးတာပဲ’ ဖြစ်မယ်လို့ မှားယွင်းစွာထင်ပြီး ကျနော်တို့ဟာ ထပ်ခါထပ်ခါ “စားသောက်” ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ အဆုံးစွန် ဘယ်တော့မှ အားရကျေနပ်မှုမရကြပါဘူး။

ကျနော်တို့ရဲ့အကြီးမားဆုံးသောဆန္ဒဟာ ဘုရားကိုသိဖို့၊ ဘုရားနဲ့ဆက်သွယ်မှုရှိဖို့ဖြစ်ပါတယ်။ ဘာကြောင့်လဲ? ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကို အဲဒီအတိုင်း ဖန်ဆင်းထားလို့ပါပဲ။ သင် သံချောင်းထုရိုက်ပြီးပြီလား?

ဘုရားသခင်နဲ့ဆက်သွယ်မှု ဘယ်လိုအစပြုမလဲ?

မေးစရာတစ်ခုရှိပါတယ်