မေရီလင်းအဒမ်ဆင်မှ
လူများစွာအတွက် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ဟာ စိုးရိမ်ဖွယ်ရာ အရေးကိစ္စတစ်ခုအဖြစ် အရှိန်မြင့်တက် လာခဲ့ပါပြီ။ ရောဂါပြန့်ပွားမှုက ဖြစ်ပွားခါစနိုင်ငံတွေမှာတောင် သေဆုံးမှုစာရင်းတွေ ထပ်ထပ်ပြီး ဖြည့်နေပါတယ်။
ဘာပဲဖြစ်ဖြစ် သင်ဟာ အခြားသောခြိမ်းခြောက်မှုတွေအပေါ် စိုးရိမ်ကြောင့်ကြမှုကို ခံစားကောင်း ခံစားရ နိုင်ပါတယ်။ ကျမတို့ဟာ နေ့စဥ်နဲ့အမျှ စိတ်ဖိစီးဖွယ်ရာ အကြောင်းရင်းအမျိုးမျိုးကို ကြုံတွေ့နေရတယ်။
အကြောင်းရင်းတွေကတော့ အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ လူမျိုးခွဲခြားဆက်ဆံမှု၊ စစ်ဖြစ်ပွားမှုများ၊ အုပ်ချုပ်ရေးစနစ်ကျရှုံးခြင်း၊ ဆင်းရဲမွဲတေမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ လူသားကျွန်စနစ်၊ သဘာဝဘေးဒုက္ခများ၊ ပုဂ္ဂလငွေကြေးကိစ္စများ၊ ရောဂါဘယ၊ အလုပ်အာမခံချက်၊ ဗျာများရသော ဆက်ဆံရေးများ၊ စွဲလန်းမှုများ စသဖြင့် သိပ်ကိုများပါတယ်။
ဒါတွေကို တစ်ခုချင်းဖော်ပြရတာ စိတ်မချမ်းသာစရာပါ။
ကျမတို့ဟာ ကိုယ့်ကို ဘာကထိခိုက်နေသလဲဆိုတာ ကိုယ်တိုင် သတိပြုမိရုံတင် မကတော့ဘူး။ အင်တာနက်က ကျမတို့ကို ကမ္ဘာ့နိုင်ငံသားများ ဖြစ်စေပါပြီ။ ကမ္ဘာအနှံ့အပြားက ဆိုးရွားတဲ့ ပြဿနာတွေကို ကျမတို့ နေ့စဥ်နဲ့အမျှ၊ အချိန်နဲ့တစ်ပြေးညီ သိနေရတယ်။
သတင်းထုတ်လွှင့်မှုများက အထိတ်တလန့်ဖြစ်စေတဲ့အရာတွေအပေါ် ကျမတို့ရဲ့ ကြောက်စိတ်၊ ကျမတို့ လူသားတွေရဲ့ အာရုံစိုက်တတ်တဲ့သဘောကို ဖြစ်ပေါ်စေပါတယ်။ သို့သော်လည်းပဲ စိုးရိမ်ကြောင့်ကြမှုကို အဓိက ဖြစ်စေတာက တကယ်ဆို ကိုယ်ကိုယ်တိုင်ပါ။ အဲဒါက မိမိရဲ့အသက်တာထဲမှာ ဘာဖြစ်ပျက်နေသလဲ ဆိုတာပါ။ အကြောင်းတရားတွေကို ကိုယ်က ထိန်းချုပ်လို့မရဘူးဆိုပြီး ညွတ်ကျသွားတတ်တဲ့ စိတ်ခံစားမှုပါပဲ။ အန္တရာယ်ရှိတယ် လို့ ကျမတို့ခံစားရတယ်။ မတတ်နိုင်ဘူးလို့ ခံစားရတယ်။ အဲဒါဟာ ကိုယ့်အပေါ် ကျရောက်တဲ့ တစ်စုံတစ်ရာကို ကြောက်ရွံ့တဲ့စိတ်ဖြစ်ပြီးတော့၊ အဲဒီကြောက်စိတ်ကနေ မလွတ်မြောက်နိုင်တဲ့အပြင် အဲဒါကို ပြောင်းလဲပစ်ဖို့လည်း ဘာမှလုပ်လို့မရပါဘူး။ ဒါတွေရဲ့အလယ်မှာ ငြိမ်သက်ခြင်းကို ခံစားရမယ့်နည်းလမ်း ရှိပါသလား။ ရှိပါတယ်။
ဒီဆောင်းပါးက သင့်အား ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု သို့မဟုတ် အခြားသော စိုးရိမ်ကြောင့်ကြစေတဲ့ အကြောင်းတရားများ ရင်ဆိုင်ရစဥ်မှာ ငြိမ်သက်ခြင်းရရှိဖို့အတွက် စစ်မှန်ပြီး အားထားရတဲ့ နည်းလမ်းများကို ပေးမှာဖြစ်ပါတယ်။
ပထမအနေနဲ့ ဆေးဝါးတွေအကြောင်း တစ်ခုလောက်ထပ်ဖြည့်ရအောင်။ တကယ်လို့ သင်ဟာ စိုးရိမ်ကြောင့်ကြမှုနဲ့ ပုံမှန်လိုလို လုံးပန်းနေရပြီး၊ သင့်ရဲ့ စိုးရိမ်ကြောင့်ကြမှုက စိတ်ဓာတ်ကျဆင်းခြင်းနဲ့ ကိုယ့်ကိုကိုယ် အန္တရာယ်ပြုဖို့ အတွေးများအထိတောင် သင့်ကို တစ်ရစ်ရစ်မြင့်တက်စေပြီဆိုရင်တော့ ဆေးဝါးအကူအညီ ရယူဖို့အတွက် ကျေးဇူးပြု၍ ဆရာဝန်နဲ့ ပြသပါ။ ဆေးကုသမှုလိုအပ်နေတဲ့ ဓာတုဗေဒမညီမျှမှု ရှိနေနိုင်ပါတယ်။ တစ်ခါတစ်ရံ ကျမတို့ရဲ့ ဦးနှောက်ထဲမှာ တွေးခေါ်မှုလမ်းကြောင်းသစ်တွေကို ပုံဖော်ဖို့ရန်အတွက် ဆေးဝါးအကူအညီ လိုအပ်ကောင်းလိုအပ်နိုင်မယ့် ပုံစံအညွှန်းတွေ၊ လမ်းကြောင်းတွေ ရှိနေတတ်ပါတယ်။
ဆီးချိုဝေဒနာရှင်တွေက အင်ဆူလင်လို့ခေါ်တဲ့ ဆီးချိုထိန်းထိုးဆေး လိုအပ်သလိုပဲ ပူပင်သောကတွေကို ပို၍ ဓမ္မဓိဋ္ဌာန်ကျကျ၊ ပို၍ တည်တည်ငြိမ်ငြိမ် ရှုမြင်ခွင့်ပေးမယ့် ဆေးဝါးတွေရှိပါတယ်။ ဆေးဝါးတွေက စိုးရိမ်ကြောင့်ကြမှု ခံစားရတဲ့ လူများစွာရဲ့ဘဝကို သိသိသာသာ တိုးတက်စေတယ်ဆိုတာ ပြသခဲ့ပြီးဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေတွေကို တည်ငြိမ်စွာနဲ့ အကျိုးသင့်အကြောင်းသင့် ရှုမြင်နိုင်တယ်ဆိုတာက ဖြေရှင်းချက်ရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်ပါတယ်။ ဆေးဝါးက အထောက်အကူပြုတယ်၊ ဒါပေမယ့် စစ်မှန်တဲ့ ငြိမ်သက်မှုကို ပေးစွမ်းဖို့ မပြည့်မီဘဲ အဆုံးသတ်သွားတတ်ပါတယ်။ ခြေကျိုးပြီး လမ်းဆက်မလျှောက်တော့တဲ့ လူတစ်ယောက်နဲ့တူပါတယ်။ အထောက်အကူပြုပေမယ့် ခြေကျိုးနေသလိုပါပဲ။
သင့်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လျော့ကျနေပြီလို့ ကြားရတာက အထောက်အကူဖြစ်စေတယ်၊ ဒါပေမယ့် စိုးရိမ်ကြောင့်ကြမှု ဖြစ်စေနိုင်တဲ့ အခြားအကြောင်းရင်းများစွာလည်း ရှိပါတယ်။ ဘဝဆိုတာ ခဲယဥ်းတယ်။ သင့်မှာ လိုအပ်တာက ကြာရှည်ခံတဲ့ အတွင်းစိတ်ငြိမ်သက်မှုဖြစ်ပြီးတော့၊ အဲဒါက ခက်ခဲတဲ့အခြေအနေများ ရှိလင့်ကစား သင့်စိတ်နှလုံးကို အနားရစေမှာ ဖြစ်ပါတယ်။
ကျမဟာ ဘုရားမဲ့ဝါဒီတစ်ဦးအနေနဲ့ အမြဲတမ်း ယုံကြည်အားထားလို့ရမယ့် လောကအတွေးအမြင်တစ်ခုကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံး ကျမကို လမ်းညွှန်ပြီး ဘယ်အခြေအနေမှာမဆို “အလုပ်ဖြစ်” မယ့် ဒဿနမျိုးကို လိုချင်ခဲ့တယ်။ ကျမဟာ ယန်းပေါလ်ဆတ်၊ ပလေတို၊ ဆိုကရေးတီး၊ ဒါစတာယဲဗ်စကီး၊ ဖရက်ဒရစ်နစ်ရှေး၊ ဒေးဗစ်ဟွန်းနဲ့ အခြားအခြားသော ပညာရှင်များကို လေ့လာခဲ့တယ်။ ကျမတွေ့ရှိခဲ့တာကတော့ ဒဿနတစ်ခုဟာ မလုံလောက်ဘူးဆိုတာပါပဲ။ အဲဒါက ပြဿနာတွေအားလုံးကို ကျမပုခုံးပေါ် တည့်တည့်ကြီး တင်ထားခဲ့တုန်းပါပဲ။
လူတစ်ချို့က “အကြောင်းတရားတွေကို တစ်မျိုးတစ်ဖုံသာ ရှုမြင်လိုက်ပါ။ သိပ်အဆိုးကြီး မဟုတ်ပါဘူးလို့ ကိုယ့်ကိုကိုယ် ပြောလိုက်စမ်းပါ” လို့ အကြံပြုတတ်ကြတယ်။ လူထောင်ပေါင်းများစွာမှာ စစ်ဆေးတွေ့ရှိပြီး သေဆုံးမှုစာရင်း ထိုးတက်နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကို တစ်မျိုးတစ်ဖုံရှုမြင်ဖို့ဆိုတာ ခဲယဥ်းပါတယ်။ ဘယ်လိုအကြောင်းတရား ရှိလင့်ကစား စစ်မှန်တဲ့ ငြိမ်သက်ခြင်းရှိဖို့အတွက် ကျမရဲ့ရှာဖွေမှုမှာ ဘာသာတရားကလည်း အတော့်ကို အဓိပ္ပာယ်မဲ့ဟန်တူခဲ့တယ်။ ဘာသာဓလေ့များ၊ ဆေးဝါး၊ အယူဝါဒများကို ကျမရှာနေခဲ့တာ မဟုတ်ဘူး။ တကယ့်ဒုက္ခတွေအတွက် ဘဝရဲ့စွမ်းပကားကို ကျမသိခဲ့ပါတယ်။ ဘဝက ကိုယ့်ကို ဘယ်အရာဖန်တီးပေးပါစေ၊ အားထားလို့ရမယ့် နည်းလမ်းတစ်ခုကို ကျမသိချင်ခဲ့တာပါ။
သိပ္ပံပညာရပ်က ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသမှုနဲ့ကာကွယ်မှု နှစ်ခုလုံးကို ရှာတွေ့မယ်လို့ လူများစွာတို့က မျှော်လင့်နေကြတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်တွေ ကူးစက်နေတာနဲ့အမျှ သန္ဓေပြောင်းပုံစံနဲ့တောင် နှစ်ပေါင်းများစွာ ကျမတို့နဲ့အတူ ရှိနေဦးမယ့်ပုံလည်း ပေါက်တယ်လေ။ သိပ္ပံပညာက အရာရာကိုသိတာ သို့မဟုတ် အရာရာကို လုပ်နိုင်တာ မဟုတ်ပါဘူး။ ကျမဟာ တာရှည်ခံမယ့် ငြိမ်သက်ခြင်းအရင်းအမြစ်ကို ရှာဖွေနေခဲ့စဥ်မှာ ကျမလေးစားတဲ့ အသက်တာမျိုးရှိတဲ့သူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်လာခဲ့တယ်။ သူမက ဘုရားသခင်အကြောင်း မကြာခဏ ပြောပြခဲ့တယ်။ အဲဒါက ဘုရားသခင် အမှန်တကယ်တည်ရှိသလားဆိုတာ ကျမကို စဥ်းစားစေခဲ့တယ်။ ဘုရားသခင်ရဲ့ တည်ရှိခြင်းဖြစ်နိုင်ချေက ကျမကို မေးခွန်းထုတ်တာ၊ သုတေသနလုပ်တာ၊ ပြီးတော့ ခိုင်မာတဲ့ ချေပချက်တွေအပေါ် ပြတ်ပြတ်သားသား ဆုပ်ကိုင်ထားတာ စတဲ့လုပ်ငန်းစဥ်အရှည်ကြီးနဲ့ အစပြုစေခဲ့တယ်။ ကျမနောက်ဆုံးလိုချင်ခဲ့တာ ကတော့ တကယ်မရှိတဲ့ အရာတစ်ခုကို ယုံကြည်ဖို့အတွက် အလှည့်စားခံရဖို့ပါပဲ။
တစ်နှစ်ခွဲခန့် အသည်းအသန် ရှာဖွေပြီးတဲ့နောက်မှာ ဘုရားသခင်အကြောင်း အထောက်အထားက ရှောင်လွဲလို့မရအောင် ကြီးမားလာခဲ့တယ်။ ကျမကို နေကနေ ကမ္ဘာမြေရဲ့ အံကိုက်နေရာယူထားမှု၊ ရေရဲ့ ရှုပ်ထွေးလှတဲ့ ဂုဏ်သတ္တိများ၊ လူ့ခန္ဓာကိုယ်ရဲ့ စီမံထားပုံ အစရှိသဖြင့် ဘုရားသခင်ရဲ့ တည်ရှိမှုကို လက်ခံစေခဲ့တာက သိပ္ပံပညာပါပဲ။ ဘုရားသခင်နဲ့ ဆက်ဆံရေးတစ်ခု ရရှိဖို့အတွက် ကျမဘဝထဲ ဝင်ရောက်လာဖို့ သူ့ကို ကျမ တောင်းဆိုခဲ့တယ်။ အမှန်တကယ် “ဘုရားသခင်သည် ငါတို့ခုံလှုံရာဖြစ်၍၊ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏”၁ ဆိုတာ ကျမတွေ့ရှိလာခဲ့တယ်။
ဘုရားသခင်တည်ရှိပြီး သူက ကျမတို့ကို အမှန်တကယ်ဂရုစိုက်တယ်လို့ သိထားခြင်းက ဘယ်လို အခြေအနေတွေပဲဖြစ်ဖြစ် ကျမတို့ရဲ့ အေးငြိမ်းချမ်းသာစွာ နေထိုင်နိုင်စွမ်းအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ရှင်းပြပါရစေ။ ရှစ်နှစ်သားကောင်လေးတစ်ယောက်ဟာ ဗိုလ်ကျတတ်သူတစ်ယောက်ရဲ့ အနှောင့်အယှက် ပေးခံရတယ်လို့ မြင်ယောက်ကြည့်ပါ။ သူ့နေ့လည်စာက နေ့တိုင်းယူအစားခံရတယ်။ သူဟာ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခံရပြီး အပြောင်အပြက်နဲ့ အရှက်ခွဲခံရတယ်။ သူက ဗိုလ်ကျတဲ့သူကို တောင်းပန်ဖို့ ကြိုးစားကြည့်ပေမယ့် အရာမရောက်ဘူး။ သူ့ကိုရှောင်တိမ်းဖို့ ကြိုးစားတာလည်း မအောင်မြင်ဘူး။ သူ့ဆရာမကို ပြောပြလိုက်တယ်၊ ဒါလည်း သိပ်မထူးခြားဘူး။
အဲဒီနောက် တစ်နေ့တော့ (ဗိုလ်ကျတဲ့သူထက် အများကြီးပိုကြီးပြီး) အသက်ပိုကြီးတဲ့ ကျောင်းသား တစ်ယောက်က စာနာစွာနဲ့ ဝင်လာပြီးတော့ ဗိုလ်ကျတဲ့ကောင်လေးကို- ဒီကျောင်းသားကို မင်းအကြမ်းဖက်နေတဲ့ နေ့ရက်တွေ အဆုံးသတ်ပြီလို့ ပြောလိုက်တယ်။ အနိုင်ကျင့်ခံရတဲ့ကျောင်းသားက ခုတော့ ငြိမ်းချမ်းသွားပြီ။ ဗိုလ်ကျတဲ့ကောင်လေးတော့ ရှိသေးတယ်။ ဒါပေမယ့် ရှစ်နှစ်သားလေးက အေးဆေးနေနိုင်ပြီ၊ ဘာလို့လဲဆိုတော့ ဗိုလ်ကျတဲ့ကောင်လေးထက် ပိုကြီးမားတဲ့သူတစ်ယောက်က သူ့ကို စောင့်ရှောက်နေလို့ပဲ။
ကျမတို့ဟာ ဘဝမှာ အဲဒီလိုအကူအညီမျိုး ကမ်းလှမ်းခံရပါတယ်။ ဘုရားသခင်ဟာ ဒီကူးစက်မြန်ဗိုင်းရပ်စ် အပါအဝင် ကျမတို့ကို ထိပ်တိုက်ရင်ဆိုင်တဲ့ ဘယ်ပြဿနာမျိုးထက်မဆို ပိုကြီးမားတယ်။ ကျမတို့ကို သူဖန်ဆင်း ခဲ့တာဖြစ်ပြီး ကျမတို့ကို လိုလိုလားလားနဲ့ စောင့်ရှောက်ချင်တယ်။
ဘဝရဲ့ ဖိအားတွေအလယ်မှာ ယေရှုက ကြင်နာစွာနဲ့ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်”၂ လို့ ပြောပါတယ်။
ဒါဟာ စကြဝဠာကြီးကို ဖန်ဆင်းခဲ့တဲ့၊ ကြယ်တွေဂြိုလ်တွေပါဝင်တဲ့ ကြယ်အစုအဝေးများ၊ သန်းထောင်ချီ ရှိတဲ့ ဇီဝနဲ့ အပင်မျိုးစိပ်များ၊ အနုစိတ်ကျလွန်းတဲ့ ဂေဟစနစ်နဲ့ လူ့အသက်ကို ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ပဲ ဖြစ်ပါတယ်။ “ကိုယ်တော်မတတ်နိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပါ။”၃ သူက ကျမတို့ကို အကူအညီရယူဖို့အတွက် သူ့ထံလာဖို့ ဖိတ်ခေါ်ပါတယ်။ ယေရှုက ဘုရားသခင်ကို ကျမတို့ကိုချစ်တဲ့ ကျမတို့ရဲ့ ကောင်းကင်ဘုံရှင် “အဖ” အဖြစ် အမြဲဖော်ပြခဲ့တယ်။ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) အပေါ် ကျမတို့ရဲ့ အကြီးမားဆုံး ကြောက်စိတ်တစ်ခုကတော့ ဒါကို တစ်ယောက်တည်း ဖြတ်သန်းသွားရခြင်း၊ သို့တည်းမဟုတ် မိမိကိုယ်ကိုယ် ဒါမှမဟုတ် မိမိချစ်ရသူတွေရဲ့ကိုယ်စား ဒါကိုကိုင်တွယ်ဖြေရှင်းဖို့အတွက် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အင်အားမရှိခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကျမတို့ကို ကြောက်လန့်စေတဲ့ ဘယ်အရာအတွက်မဆို မှန်ကန်တယ်။ “ငါတတ်နိုင်ပါ့မလား” ဆိုပြီးတော့ပေါ့။
သင့်ကိုဖန်ဆင်းခဲ့တဲ့ ဘုရားသခင်က သင့်အကြောင်းကို အားလုံးသိတယ်။ သင့်နောက်ကြောင်း၊ သင့်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေ၊ စွမ်းဆောင်မှုတွေ၊ ဘဝအတွက် သင့်မှာရှိတဲ့ (ဒါမှမဟုတ် အဲဒီနောက် မရှိတော့တဲ့) အိပ်မက်တွေ၊ သင့်ရဲ့နာကျင်မှု၊ သင့်ရဲ့အနာဂတ်၊ ဆက်ဆံရေးတွေနဲ့ တကယ်ပဲ အရာခပ်သိမ်းကိုပေါ့။ ယေရှုက “သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏”၄ ဆိုပြီးတော့ သင့်ဘဝရဲ့ အသေးငယ်ဆုံး၊ အရေးမပါတဲ့ အသေးအဖွဲလေးမှအစ သူသိတဲ့အကြောင်း ပြောခဲ့ပါတယ်။
“အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာ တို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။ … အကျွန်ုပ်ကျင့်သော အကျင့် အလုံးစုံတို့ကို ကျွမ်းတော်မူ၏။ အကျွန်ုပ်သည် စကားတစ်ခွန်ကိုမျှ မမြွက်သော်လည်း၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။”၅
သူက သင့်အကြောင်း အကုန်လုံးကိုသိတယ်။ ဒီကမ္ဘာပေါ်မှာ ကျမတို့ရှိနိုင်တဲ့ အလုံခြုံဆုံး ဆက်ဆံရေး ကတော့ ကျမတို့ကိုချစ်တဲ့ ဘုရားသခင်နဲ့ဆက်ဆံရေးပါပဲ။
ကျမတို့ဟာ ဒီဘဝကို ကိုယ့်ဟာကိုယ် ဖြတ်သန်းသွားဖို့ ဘုရားသခင် ဘယ်တော့မှ မရည်ရွယ်ခဲ့ပါဘူး။ ဘုရားသခင်ဟာ ကျမတို့ကို သူ့ရဲ့လမ်းညွှန်မှုနဲ့အတူ ထူးခြားတဲ့အသက်တာဆီကို လမ်းပြခေါ်ဆောင်သွားချင်တာပါ။ ကျမတို့ဟာ မရေရာမှုတွေနဲ့ အမှောင်ထုထဲမှာ ဆက်ပြီး စမ်းတဝါးဝါးလျှောက်နေဖို့ မလိုတော့ဘူး။ ယေရှုက “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကို ရလိမ့်မည်”၆ လို့ ဆိုခဲ့တယ်။ “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှု ရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့”၇ ဆိုပြီး ကျမတို့ ဖိတ်ခေါ်ခံရပါတယ်။
အဲဒါဟာ ဘုရားသခင်နဲ့ဆက်သွယ်မှုထဲမှာ ရှိနေခြင်းသဘောဖြစ်ပြီး လူတိုင်းကို သူပေးအပ်တဲ့အရာ ဖြစ်တယ်။ သမ္မာကျမ်းစာက ဘုရားသခင်ကို အံ့သြဖွယ်တိုင်ပင်ဖက်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်၊ တန်ခိုးကြီးသော ဘုရားသခင်အဖြစ် ဖော်ပြထားတယ်။ သူက အဲဒါတွေအားလုံးလည်း ဖြစ်တယ်။
တစ်ချိန်တည်းမှာပဲ ရှင်းရှင်းလင်းလင်း ပြောပါရစေ၊ ဘုရားသခင်နဲ့ဆက်ဆံရေးထဲ ရှိနေခြင်းဆိုတာက ဘဝရဲ့ ပြဿနာတွေကို ကျမတို့ရှောင်ရှားနိုင်မယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ ကျမဘဝမှာ ကိုယ်ဘာမှလုပ်လို့မရနိုင်တဲ့ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ရတဲ့ အချိန်တစ်ချိန်ရှိခဲ့တယ်။ ကိုယ်ဝန်လေးလမြောက်မှာ ပြဿနာရှိနေတယ်ဆိုတာ ကျမသိခဲ့ရတယ်။ ကျမက ဘုရားသခင်ကို ကောင်းကောင်းသိကျွမ်းခဲ့တဲ့အတွက် ဘယ်လိုရလဒ်ပဲ ရှိလာပါစေ၊ ဒီပြဿနာအတွက် ဘုရားသခင်ကို ယုံကြည်စိတ်ချနိုင်ခဲ့တယ်။ ကျမတို့ရဲ့ ရင်သွေးလေးကိုတော့ အသေမွေးခဲ့ရ ပါတယ်။
ဒီအရာနဲ့ပတ်သက်လို့ ဘုရားသခင်ကို ကျမယုံကြည်စိတ်ချနိုင်ခဲ့တဲ့အတွက် ဝမ်းနည်းစရာ ကြီးကြီးမားမား ရှိခဲ့ပေမယ့် ခါးသီးခြင်း၊ ဒေါသထွက်ခြင်း ဒါမှမဟုတ် စိုးရိမ်ကြောင့်ကြမှုနဲ့ ကျမ ဘယ်တော့မှ မလုံးပန်းခဲ့ရပါဘူး။ ဒါပေမယ့် ကျမကို အငိုက်ဖမ်းမိခဲ့တဲ့ စိတ်ခံစားမှုတစ်ခုတော့ ရှိခဲ့ပါတယ်။ ကျမတို့ရဲ့ကလေး သေဆုံးပြီးနောက် မှာတော့ ကျမခင်ပွန်းသည်လည်း သေဆုံးသွားနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေတစ်ခုကို ကြောက်တဲ့စိတ်နဲ့ ကျမ စပြီး လုံးပန်းခဲ့တော့တာပဲ။ ဒီကြောက်စိတ်ကို ဖြေရှင်းပေးဖို့၊ အဲဒါကို သင့်တင့်လျောက်ပတ်စွာ ဘယ်လိုရှုမြင်ရမယ်ဆိုတာ ပြသပေးဖို့ ဘုရားသခင်ထံ ကျမတောင်းဆိုခဲ့တယ်။ ဘုရားသခင်က ဆာလံကျမ်းထဲက ဒီမြွက်ဆိုချက်ဆီ လမ်းပြပေးခဲ့တဲ့ မကြာခင်မှာပဲ ကျမအတွက်အဖြေရခဲ့ပါတယ်-
“ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျ သောကြောင့်၊ သင်၌ မကောင်းသောအနိဌာရုံ မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဥ်းရ။”၉ ဘုရားသခင်က ဘယ်သူမှ လုံးဝမသေရဘူးလို့ ကတိမပေးဘူးဆိုတာ ကျမသိပါတယ်။ အဲဒါက ဘုရားသခင် ကတိတော်ရှိတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ယုံကြည်အားထားတဲ့၊ ကိုယ့်ခိုလှုံရာဖြစ်တဲ့ ဘုရားသခင်နဲ့သာ ဆိုရင်တော့၊ ကျမခင်ပွန်းသည် သေဆုံးခဲ့ရင်တောင် အဲဒါကို ဘုရားသခင်က ကျမဘဝရဲ့ “မကောင်းသောအနိဌာရုံ” ဖြစ်စေမှာ မဟုတ်ပါဘူး။ အဲဒီအရာက ကျမကို အနိုင်ယူမှာ၊ ဖျက်ဆီးမှာ၊ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ကျမ အဆင်ပြေနေမှာပါ။
“သင်၌ မကောင်းသောအနိဌာရုံ မကပ်မရောက်။” ဘုရားသခင်က ကန့်သတ်ထားပါတယ်။ ကျမတို့ သူ့ကို ယုံကြည်ကိုးစားမယ်ဆိုရင် အခြေအနေတွေကို ငြိမ်သက်ခြင်းနဲ့အတူ တစ်မူထူးခြားစွာ ဖြတ်သန်းသွားနိုင်ပါတယ်။
ယေရှုက “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီ”၁၀ လို့ ဆိုခဲ့ပါတယ်။
ကျမတို့အခုနေထိုင်တဲ့ ကမ္ဘာကြီးဟာ တစ်နာရီကို မိုင် ၁၀၀၀ (တစ်နာရီ ကီလိုမီတာ ၁၆၀၀) နှုန်းလောက်နဲ့ လည်ပတ်နေတယ်။ ဒါတောင် ကျမတို့ဟာ ပကတိတည်ငြိမ်ပြီး၊ ဒီပတ်ချာလည်မှုက ဖန်တီးပေးတဲ့ နေဝင်နေထွက် ဆည်းဆာအလှကို ခံစားနေရတယ်။ ကမ္ဘာကြီးဟာ တစ်နာရီမိုင်နှုန်း ၆၇၀၀၀ နဲ့ ရွေ့လျားပြီး နေကိုလည်း လှည့်လည် နေတာ ဖြစ်ပါတယ်။ ဒီအမြန်နှုန်းမှာပင်လျှင် ကမ္ဘာက နေနဲ့ မဝေးလွန်း၊ မနီးလွန်းနဲ့ အံကိုက်အကွာအဝေးကို ထိန်းသိမ်း ထားပါတယ်။
ဘုရားသခင်က သန်းပေါင်းထောင်ချီတဲ့ ကြယ်အစုအဝေးတွေကို သိနေသကဲ့သို့၊ သင့်ဘဝရဲ့ ကိစ္စကြီးငယ် တိုင်းကို သိနေပါတယ်။ ပြီးတော့ သူက သင့်ကိုချစ်ပါတယ်။
သူက သင့်ကိုချစ်တယ်ဆိုတာ သင်နဲ့ကျမ ထိုက်တန်လို့ မဟုတ်ဘဲ၊ သူ့ကို ယုံကြည်ကိုးစားတဲ့သူတွေကို ချစ်တာနဲ့ စောင့်ရှောက်တာဟာ သူ့ဗီဇသဘာဝ ဖြစ်နေလို့ပါပဲ။ ဘုရားသခင်က “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံစေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာ လက်ဖြင့် ထောက်ပင့်မည်”၁၂ လို့ ဆိုပါတယ်။
“ထာဝရဘုရားသည် အစဥ်အမြဲတည်တော်မူသော ဘုရားသခင်ဖြစ်ကြောင်းကို လည်းကောင်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို လည်းကောင်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို လည်းကောင်း၊ သင်သည် မသိမကြားဖူးသလော။ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။
လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသော်လည်း မမောရကြ။”၁၃
ယေရှုက “ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်”၁၄ လို့ ပြောခဲ့ပါတယ်။ သူဟာ ကျမတို့ ကြုံတွေ့ရနိုင်တဲ့ ဘယ်လိုပြဿနာထက်မဆို ပိုပြီးကြီးမားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) သို့မဟုတ် ဆိုးရွားတဲ့ ဘယ်လိုအရေး ကိစ္စအပေါ်မဆို စိုးရိမ်ကြောင့်ကြမှုကနေ လွတ်မြောက်ခြင်းဆိုတာက ဘုရားသခင်ဟာ တတ်စွမ်းနိုင်တယ်၊ သူဟာ ဂရုစိုက်တတ်ပြီး သင့်ကိုယ်စား လုပ်ဆောင်ပေးမယ်ဆိုတာကို သိနားလည်ခြင်းပဲ ဖြစ်ပါတယ်။
သင်ဟာ ဘုရားသခင်နဲ့ ဆက်ဆံရေးတစ်ခုကို အစပြုပြီး သင့်အတွက် သူ့ရဲ့ချစ်ခြင်းမေတ္တာကို သိလိုတယ် ဆိုရင် ဘုရားသခင်ကို ကိုယ်တိုင်ကိုယ်ကျသိကျွမ်းခြင်း ဆိုတဲ့ဆောင်းပါးက ဘယ်လိုလုပ်ရမယ်ဆိုတာ ရှင်းပြပေး ပါလိမ့်မယ်။
အောက်ခြေမှတ်စုများ-
(၁) ဆာလံ ၄၆း၁ (၂) မဿဲ ၁၁း၂၈ (၃) ယေရမိ ၃၂း၁၇ (၄) လုကာ ၁၂း၇ (၅) ဆာလံ ၁၃၉း၁-၄ (၆) ယောဟန် ၈း၁၂ (၇) ၁ ပေ ၅း၇ (၈) ချန်လှပ်ထားသည် (၉) ဆာလံ ၉၁း၉၊ ၁၀ (၁၀) ယောဟန် ၁၆း၃၃ (၁၁) ချန်လှပ်ထားသည် (၁၂) ဟေရှာယ ၄၁း ၁၀ (၁၃) ဟေရှာယ ၄၀း၂၈-၃၁ (၁၄) ယောဟန် ၁၄း၂၇