လူ့ဘဝဟာ ဘာကြောင့်ခဲယဉ်းရတာလဲ?

“ဘာကြောင့်လဲ?” ဘဝဟာခက်ခဲတဲ့အခါ ငြိမ်းချမ်းမှုရဖို့ နည်းလမ်းရှိသလား?

ဘာကြောင့်လူတွေကင်ဆာရကြသလဲ? မြို့ကြီးတွေတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်တတ်တဲ့ငလျင်တွေ ဘာကြောင့်ဖြစ်ရသလဲ? မိသားစုကို မလောက်တလောက် ကျွေးမွေးဖို့အတွက်တောင် လူတွေဟာ ဘာကြောင့် ဒီလောက်အလုပ်ကြိုးစားဖို့လိုတာလဲ?

မသိစိတ်မှာတော့ ကျွန်တော်တို့ ဒီလိုမေးခွန်းတွေကို မကြာခဏဆိုသလို ကိုယ့်ကိုယ်ကိုမေးကြမှာပါပဲ။ ဒါပေမယ့် အသိစိတ်ကနေ ကျွန်တော်တို့ မေးခဲပါတယ်။ အသက်ရှင်ဖို့ ရုန်းကန်လှုပ်ရှားရင်း အလုပ်ရှုပ်လွန်းတဲ့အတွက် တခဏလောက်နားနေပြီး ဘာကြောင့်လဲဆိုတာတောင် စဉ်းစားဖို့ အချိန်မရကြပါဘူး။

အဲ- ဒါပေမယ့် တစုံတရာက ကျွန်တော်တို့ကို လှုပ်နှိုးလာတတ်ပါတယ်။ ကျွန်တော်တို့မိဘတွေ ကွားရှင်းပြတ်စဲတယ်။ လမ်းထဲကကောင်မလေး ပြန်ပေးဆွဲခံရတယ်။ ဆွေမျိုးတစ်ယောက်ကင်ဆာရတယ်။ ဒါတွေကကျွန်တော်တို့ကို တခဏတော့ လှုပ်နှိုးတတ်ပါတယ်။ ဒါပေမယ့် ဥပေက္ခာထဲမှာ ကျွန်တော်တို့ ထပ်မံအိပ်စက်တတ်ကြပြန်ပါတယ်။ နောက်ထပ်ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုမလာခင် အဲဒါဟာ ဒွိဟသဘောတစ်ခုလောက်ပဲဖြစ်ပါတယ်။ နောက်တစ်ခါ ထပ်ဖြစ်လာတဲ့အခါမှာတော့ ကျွန်တော်တို့ဟာ တစ်ခုခုတော့မှားနေပြီဆိုတာ စဉ်းစားလာပါတော့တယ်။ တစ်ခုခုတော့ လုံးဝလုံးဝ မှားနေပြီ။ ဒါ ဖြစ်သင့်တဲ့ဘဝမဟုတ်ဘူး!

ဒါဆို ဘာကြောင့် အဖြစ်ဆိုးတွေဖြစ်ရတာလဲ? ဒီကမ္ဘာဟာ ဘာကြောင့် ကောင်းမွန်တဲ့နေရာ မဖြစ်ရတာလဲ?

ဒီ ဘာကြောင့်လဲဆိုတဲ့မေးခွန်းအတွက် အဖြေရှိပါတယ်။ အဲဒါကိုသမ္မာကျမ်းစာထဲမှာတွေ့ရပါတယ်။ ဒါပေမယ့် အဲဒါ လူအများစုကြားချင်တဲ့အဖြေတော့ မဟုတ်ပါဘူး - ကမ္ဘာကြီးဟာ ဒီအတိုင်းဖြစ်နေတာ ဘာကြောင့်လဲဆိုတော့ ဒါဟာ တစ်နည်းပြောရရင် ကျွန်တော်တို့ကိုယ်တိုင် ရှာဖွေခဲ့တဲ့ကမ္ဘာပဲဖြစ်ပါတယ်။

အံ့သြသွားသလား?

ဘာက(သို့)ဘယ်သူက ကမ္ဘာကြီးကို ဒီလိုဖြစ်နေတာနဲမတူ ထူးခြားအောင်လုပ်နိုင်ပါသလဲ? ဘာက(သို့)ဘယ်သူက လူတိုင်းအတွက် အစဉ်အမြဲ လူ့ဘဝကို နာကျင်မှုကင်းမဲ့အောင် အာမခံနိုင်ပါသလဲ?

ဘုရားသခင်တတ်နိုင်ပါတယ်။ ဘုရားသခင် အဲဒါကိုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဘုရားကမလုပ်ပါဘူး။ အနည်းဆုံး အခု မလုပ်ပါဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့စိတ်ဆိုးကြပါတယ်။ ကျွန်တော်တို့က “ဘုရားဟာ အရာရာတတ်စွမ်းပြီး ချစ်ခြင်းမေတ္တာပြည့်ဝတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါသာမှန်မယ်ဆိုရင် ဒီကမ္ဘာကြီးဟာ ဒီအတိုင်းဖြစ်နေမှာမဟုတ်ဘူး!”လို့ ပြောကြပါတယ်။

ကျွန်တော်တို့ဒီလိုပြောတယ်ဆိုတာ ဘုရားက အဲဒီကိစ္စအတွက်ပြောင်းလဲလာအောင်လို့ပါ။ ကျွန်တော်တို့မျှော်လင့်တာက သူ့အပေါ်မလုံမလဲစိတ်ဖြစ်အောင်လုပ်တယ်ဆိုရင် သူ့နည်းလမ်းတွေကို ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်တာဖြစ်ပါတယ်။

ဒါပေမယ့် ဘုရားသခင်က နည်းနည်းလေးတောင် မရွေ့ပါဘူး။ ဘာဖြစ်လို့လဲ?

ဘုရားက မမှုပါဘူး -- သူ ဒီအရာတွေကို ခုချက်ချင်း မပြောင်းလဲစေပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တောင်းခံခဲ့တဲ့အတိုင်း - သူ့ကို မရှိသလို၊ မလိုသလိုကျနော်တို့ ဆက်ဆံလို့ရတဲ့ကမ္ဘာကို - ပေးနေတာလေ။

အာဒမ်နဲ့ဧဝတို့အကြောင်းကို သိတယ်မလား? သူတို့က “တားမြစ်ထားတဲ့အသီး”ကို စားခဲ့ကြတာလေ။ အဲဒီအသီးကိုစားတယ်ဆိုတာက သူတို့ဘုရားပေးတာ(သို့)ပြောတာကို ဂရုမစိုက်ဘဲနေပြီး ဘုရားမပါဘဲ ဘဝကို ကိုယ့်ဖာသာဆက်တိုးနိုင်တယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်။ အာဒမ်နဲ့ဧဝက ဘုရားမပါဘဲ၊ သူတို့ဘုရားလို ဖြစ်နိုင်တယ်လို့ မျှော်လင့်ခဲ့တဲ့သဘောပဲ။ ဘုရားသခင်ထက် ဘဝမှာ ပိုအရေးပါတဲ့အရာ၊ ဘုရားသခင်နဲ့ ဆက်သွယ်မှုရှိခြင်းထက် ပိုအဖိုးတန်ရှိတဲ့အရာရှိတယ်ဆိုတဲ့ အယူအဆရှိခဲ့ကြလို့ပါပဲ။ အဲဒီအတွက်ကြောင့် ဒီကမ္ဘာရဲ့စနစ်ဟာ -- ၎င်းရဲ့ဆိုးဝါးမှုနဲ့အတူ -- သူတို့ရွေးချယ်မှုရလာဒ်အနေနဲ့ ဒီအတိုင်းဖြစ်လာတာဖြစ်ပါတယ်။

သူတို့အကြောင်းဟာ ကျနော်တို့အားလုံးရဲ့အကြောင်းပါပဲ၊ ဟုတ်တယ်ဟုတ်? ဘယ်သူက -- အသံထွက်မဟုတ်တောင် အနည်းဆုံး နှလုံးသားထဲကနေ -- ဘုရားမပါဘဲ ငါ ဒါလုပ်နိုင်မယ်ထင်တယ်၊ တစ်ယောက်တည်း ဒီကိစ္စကိုလုပ်လိုက်မယ်၊ အကူအညီပေးတာတော့ ကန်တော့ဆွမ်းပဲ- လို့မပြောဘဲနေသလဲ?

ကျွန်တော်တို့အားလုံး ဘုရားမပါဘဲ ဘဝ ကို အဆင်ပြေချောမွေ့စေဖို့ ကြိုးစားခဲ့ကြပါတယ်။ ဘာကြောင့် ကျွန်တော်တို့ အဲလိုလုပ်ရသလဲ? ဘုရားသခင်ထက် ပိုအရေးကြီးတဲ့အရာ၊ ပိုတန်ဖိုးရှိတဲ့အရာ ရှိတယ်ဆိုတဲ့ခံယူချက် ကျနော်တို့အားလုံးမှာရှိလို့ပဲဖြစ်ပါလိမ့်မယ်။ မတူညီတဲ့လူတွေအတွက်တော့ မတူညီတဲ့အရာတွေရှိပေမယ့် သဘောထားခံယူချက်ကတော့ အတူတူပါပဲ- ဘုရားဟာ ဘဝမှာ အရေးကြီးဆုံးမဟုတ်ပါဘူး။ တစ်ကယ်တမ်းတော့ ဘုရားမပါပဲလည်း ကျွန်တော်တို့ လုပ်နေကြတာပဲလေ။

အဲဒီအတွက် ဘုရားသခင်ရဲ့တုံ့ပြန်ချက်က ဘာလဲ?

ဘုရားသခင်က လူတွေကို လုပ်ခွင့် ပြုလိုက်ပါတယ်။ လူမြောက်များစွာဟာ ဘုရားရဲ့လမ်းစဉ်နဲ့ဆန့်ကျင်တဲ့ တခြားလူတွေ (သို့) သူတို့တွေရဲ့ ရွေးချယ်မှုရဲ့ နာကျင်တဲ့ရလာဒ်တွေကို ခံစားတွေ့ကြုံရပါတယ်။

ဥပမာ- လူသတ်မှု၊ လိင်အမြတ်ထုတ်ခြင်း၊ လောဘ၊ အယောင်ဆောင်မှု/လိမ်ညာမှု၊ အသရေပျက်အောင် မဟုတ်မမှန် ပြောခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ ပြန်ပေးဆွဲမှု၊ စသည်ဖြင့် ဒါတွေအားလုံးဟာ ဘုရားသခင်ကို မိမိဘဝထဲမှာ ဆက်သွယ်ဖို့အခွင့်အလမ်းနဲ့ သြဇာသက်ရောက်မှုပေးဖို့ ငြင်းဆိုသူတွေကြောင့် ဖြစ်လာရတာဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝအတွက် သင့်တော်တယ်ထင်တဲ့အရာအတိုင်း စခန်းသွားနေကြတဲ့အတွက် သူတို့နဲ့အတူ အခြားသူများလည်း ဒုက္ခခံစားကြရတာ ဖြစ်ပါတယ်။

ဒီဟာတွေအပေါ် ဘုရားရဲ့အမြင်ကဘာလဲ? ဘုရားဟာစျေးမကိုင်ပါဘူး။ တကယ်ဆို ဘုရားဟာ ရှေ့ကိုကိုင်းညွှတ်လာတယ်၊ ချစ်ခြင်းမေတ္တာတရားကြီးမားတယ်ဆိုတာကို အမှန်အတိုင်းတွေ့မြင်နိုင်ပါတယ်။ သူက ကျွန်တော်တို့ကို သူ့ထံလှည့်ပြန်ဖို့မျှော်လင့်နေပါတယ်၊ ဒါမှကျွန်တော်တို့ရဲ့ဘဝအစစ်အမှန်ကို သူပေးနိုင်မယ်ဖြစ်ပါတယ်။ ယေရှုက “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အားလုံး သူ့ထံသွားလိုတာမဟုတ်ဘူး။ ယေရှုက ဒီကိစ္စကို မှတ်ချက်ချတဲ့အနေနဲ့ “အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကိုစုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။” လို့ ပြောခဲ့ပါတယ်။ ပြီးတော့ ဒီကိစ္စကို ကျွန်တော်တို့နဲ့ဆက်သွယ်မှုအတွက် ရည်ညွှန်းပြီး “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ။ အသက်၏အလင်းကို ရလိမ့်မည်” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဘဝဟာ မတရားတဲ့အခါမှာကော? အခြားတစ်ယောက်ယောက်ကြောင့် ကျွန်တော်တို့ဘဝကို ရိုက်ခတ် ဆိုးဝါးတဲ့အခြေအနေတွေကကော? ကျွန်တော်တို့ဓားစာခံပြုခြင်းခံနေရတယ်လို့ ခံစားတဲ့အခါ ဘုရားသခင်ကိုယ်တိုင် အခြားသူများရဲ့အလွန်ဆိုးဝါးတဲ့မတရားပြုခြင်းကိုခံခဲ့ရတယ်ဆိုတာ သတိရဖို့သင့်ပါတယ်။ သင်တွေ့ကြုံခံစားနေတာကို ဘုရားသခင်ကသင်ထက်တောင်ပိုပြီးနားလည်နေပါတယ် ယေရှု ကျွန်တော်တို့ကိုယ်စား ဒုက္ခခံစားခဲ့တာလောက် ဒီဘဝမှာပိုနာကျင်တာ ဘာမှမရှိတော့ပါဘူး။ သူဟာ မိတ်ဆွေတွေရဲ့စွန့်ပစ်ခြင်းကိုခံရတယ်၊ သူ့ကိုမယုံကြည်သူတွေရဲ့ လှောင်ပြောင်ခြင်းကိုခံရတယ်၊ အသေသတ်ခြင်းမခံရခင် ရိုက်နှက်ညှင်းပန်းခြင်းကိုခံရတယ်၊ ပြီးတော့ လက်ဝါးကားတိုင်မှာ လူ့အမြင်၌ အသရေမဲ့စွာ သံချောင်းနဲ့ရိုက်ထားခြင်းကိုခံရပြီး တဖြည်းဖြည်း အသက်ရှူကျပ်သေဆုံးခဲ့ရပါတယ်။ သူဟာ ကျွန်တော်တို့ကိုဖန်ဆင်းခဲ့သူဖြစ်ပေမယ့် လူသားတွေကို သူ့ကို အဲဒီလိုလုပ်ခွင့်ပေးပါတယ်။ အဲဒါ ဘုရားနှုတ်ကပတ်တော်ပြောတာ ပြည့်စုံစေဖို့နဲ့ ကျွန်တော်ကို အပြစ်မှလွှတ်ပေးဖို့ဖြစ်ပါတယ်။ အဲဒါဟာ ယေရှုအတွက် အ့ံသြထိတ်လန့်စရာမဟုတ်ပါဘူး။ ဖြစ်လာမယ့် အသေးစိတ်အတိအကျ၊ နာကျင်မှုတွေနဲ့ ရှက်ဖွယ်ပြုခြင်းတွေကို ကြိုတင်သိမြင်ခဲ့ပြီးသားပါ။ “ယေရှုသည် ယေရုရှလင်မြို့သို့တက်ကြွတော်မူစဉ်၊ လမ်းခရီး၌ တစ်ကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ဆိတ်ကွယ်ရာအရပ်သို့ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကိုစီရင်ကြလိမ့်မည်။ လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကားတိုင်မှာရိုက်ထားခြင်းကို ပြုစေခြင်းငှာ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။”

ကြောက်ရွံ့ဖွယ်ကောင်းတဲ့အရာတစ်ခု ကိုယ့်အပေါ်ကျရောက်လာမယ်ဆိုတာ ကြိုသိနေတယ်လို့ မြင်ယောင်ကြည့်ပါ။ ယေရှုဟာလည်း ခံစားမှုပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပြင်းထန်တဲ့ခံစားမှု ပရိဒေဝကို ခံစားတတ်ပါတယ်။ သူ့ကိုဖမ်းတော့မယ်ဆိုတာသိတဲ့ညမှာ ဆုတောင်းဖို့သွားတယ်။ သွားတဲ့အခါမှာ အဖော်တွေခေါ်သွားပါတယ်။ “ပေတရုနှင့် ဇေဗေဒဲသားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။ ထိုအခါ ယေရှုက၊ ငါသည်သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၏။ ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍ အကျွနု်ပ်အဖ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားစေသောဝ်။ သို့သော်လည်း အကျွနု်ပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဝ်ဟု ဆုတောင်းတော်မူ၏။” ယေရှုက မိတ်ဆွေသုံးယောက်ဆီ သူ့အတွင်းခံစားချက်တွေကိုပြောပြပေမယ့် သူ့ရဲ့စိတ်ဆင်းရဲခြင်းအတိမ်အနက်ကို နားမလည်ကြပါဘူး။ ပြီးတော့ ဆုတောင်းရာကနေပြန်တဲ့အခါမှာလည်း သူတို့အိပ်ပျော်နေကြတာကိုတွေ့ပြန်တယ်။ ယေရှုဟာ စိတ်ခံစားမှုနဲ့ အလွန်အမင်းဝမ်းနည်းခြင်းတွေကို တစ်ဦးတည်းဖြတ်သန်းရတာ ဘယ်လိုလဲဆိုတာ ကောင်းကောင်းသိပါတယ်။

ဒီအကြောင်းအရာကို ခရစ်ဝင်ကျမ်းထဲက ရှင်ယောဟန်ရေးသားတဲ့နေရာမှာ အနစ်ချုပ်တွေ့ရပါတယ်- “ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် ထိုသူကို လက်မခံဘဲနေကြ၏။ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။” “လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”

ဒီကမ္ဘာလောကမှာ နာကျင်မှုတွေ၊ မချိတင်ကဲဒုက္ခခံစားမှုတွေရှိတယ်ဆိုတာ မေးစရာတောင်မလိုပါဘူး။ တချို့အရာတွေက အခြားသူများအပေါ် အတ္တဆန်ပြီး မုန်းတီးတဲ့အပြုအမူတွေကြောင့် ဖြစ်ရတာပါ။ တချို့အရာတွေအတွက်တော့ ဒီလောကမှာ ရှင်းပြချက်မရှိပါဘူး။ ဒါပေမယ့် ဘုရားသခင်က ကျွန်တော်တို့အား သူ့ကိုယ်သူပေးအပ်ခဲ့ပါတယ်။ ဘုရားသခင်က သူလည်းထိုနည်းတူခံစားခဲ့ရတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ နာကျင်မှုနဲ့လိုအပ်ချက်တွေကို နားလည်တယ်လို့ ကျွန်တော်တို့ကိုအသိပေးပါတယ်။ ယေရှုက သူ့တပည့်တော်တွေကို “ငြိ်မ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။” လို့ပြောခဲ့ပါတယ်။ ကြောက်ရွံ့ဖို့၊ စိတ်ညစ်ဖို့အကြောင်းတော့ အများကြီးရှိတာပေါ့။ ဒါပေမယ့် ဘုရားသခင်က ကျွန်တော်တို့ကို ကျွန်တော်တို့ရင်ဆိုင်တဲ့ပြဿနာထက် ပိုကြီးမားတဲ့ငြိမ်သက်ခြင်းကို ပေးနိုင်ပါတယ်။ သူက ဘုရား၊ ဖန်ဆင်းရှင်ဘုရားပဲလေ။ အစဉ်အမြဲတည်ရှိခဲ့တဲ့သူ၊ စကြာဝဠာတစ်ခုလုံးကိုတောင် အလွယ်တကူ ဖန်ဆင်းခဲ့တဲ့သူပဲဖြစ်ပါတယ်။

သူ့ရဲ့တန်ခိုးတော်အားဖြင့်လည်း ကျနော်တို့အကြောင်းကို နှ့ံနှံ့စပ်စပ်၊ အသေးအမွှား၊ အရေးမပါတဲ့ အသေးစိတ်ကအစ ခရေစေ့တွင်းကျ သိတဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခက်အခဲတွေ ကြုံတွေ့နေသော်ငြားလည်း၊ သူ့အပေါ်မှာ ယုံကြည်စိတ်ချစွာ ဘဝနဲ့ရင်းပြီး အားကိုးတယ်ဆိုရင် သူဟာ ကျနော်တို့ကို လုံခြုံအောင် စောင့်ရှောက်မှာဖြစ်ပါတယ်။ ယေရှုက “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိ်မ်သက်ခြင်း ရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံကြရလိ်မ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီ” လို့ မိန့်တော်မူခဲ့ပါတယ်။ သူဟာ ကျနော်တို့အတွက် အဆုံးစွန်သောခြိမ်းခြောက်မှု -- သေခြင်း -- ကိုပင် ကြုံတွေ့ပြီးတော့ အဲဒါကို အောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့သာ သူ့ကိုယုံကြည်မယ်ဆိုရင် သူက ကျွန်တော်တို့ဘဝရဲ့ခက်ခဲတဲ့အခြေအနေတွေထဲကနေ လမ်းပြပြီးတော့ ထာဝရအသက်ဆီကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဒီဘဝကို ဘုရားပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဖြတ်သန်းနိုင်ပါတယ်။ ယေရှုက “တရားတော်မူသောအဖ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွနု်ပ်သိပါ၏။ ကိုယ်တော်သည် အကျွနု်ပ်ကိုစေလွှတ်တော်မူကြောင်းကို ထိုသူတို့သည် သိကြပါ၏။ ကိုယ်တော်သည် အကျွနု်ပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှာ၎င်း၊ အကျွနု်ပ်သည် သူတို့၌ရှိစေခြင်းငှာ၎င်း၊ ကိုယ်တော်၏နာမကို အကျွနု်ပ်သည် သူတို့အား ပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်”၁၀ လို့ ဆုတောင်းခဲ့ပါတယ်။

“ဘဝဟာ ဘာကြောင့်ခဲယဉ်းရတာလဲ?” လို့ ကိုယ်တိုင်မေးမိကြပါလိမ့်မယ်။ ဒီမေးခွန်းရဲ့အဖြေကတော့ ဘုရားရဲ့ငြိမ်သက်ခြင်းကို သိရှိခြင်းပဲဖြစ်ပါတယ်။ ဘုရားသခင်နဲ့ဆက်သွယ်မှု ဘယ်လိုစတင်မလဲဆိုတာ သိချင်တယ်ရင် ကျေးဇူးပြု၍ ဘုရားကို ကိုယ်တိုင်ကိုယ်ကျ သိရှိခြင်းကို ဖတ်ရှုပါ။

(၁) ရှင်မဿဲ ၁၁း၂၈ (၂) ရှင်မဿဲ ၂၃း၃၇ (၃) ရှင်ယောဟန် ၈း၁၂ (၄) ရှင်မဿဲ ၂ဝး၁၇-၁၉ (၅) ရှင်မဿဲ ၂၆း၃၇-၃၉ (၆) ရှင်ယောဟန် ၁း၁၀-၁၂ (၇) ရှင်ယောဟန် ၃း၁၇၊ ၁၆ (၈) ရှင်ယောဟန် ၁၄း၂၇ (၉) ရှင်ယောဟန် ၁၆း၃၃ (၁၀) ရှင်ယောဟန် ၁ရး၂၅-၂၆

ဘုရားသခင်နဲ့ဆက်သွယ်မှု ဘယ်လိုအစပြုမလဲ?

မေးစရာတစ်ခုရှိပါတယ်