ဒစ်က်ပရ်နယ်လ်မှ
Collegiate Challenge မဂ္ဂဇင်းထဲမှာ ဒေါက်တာဟင်နရီဘရန့်ဒ်က လင်မယားတွေ သူ့ဆီလာတဲ့အခါတိုင်း ရောဂါလက္ခဏာတစ်ခု (သို့) ပုံသေတစ်ခုရှိတယ်လို့ ပြောခဲ့တယ်။ သူတို့ဟာ “အစမှာ လိင်ဟာ စိတ်လှုပ်ရှားဖွယ် ကောင်းတယ်။ နောက်တော့ ကိုယ့်ကိုယ်ကို ကြောင်တောင်တောင်နိုင်တယ်လို့ ခံစားလာတယ်၊ ပြီးတော့ ကိုယ့်အဖော်ကိုလည်း ကြောင်တောင်တောင်နိုင်တယ်လို့ ခံစားလာရတယ်။ အငြင်းပွားတယ်၊ ရန်ဖြစ်တယ်၊ နောက်ဆုံး ကွဲကြတယ်။ ခုတော့ ရန်သူတွေပါပဲ။” လို့ ပြောတတ်ကြတယ်။
ဒါကိုကျနော် “နောက်တစ်နေ့မနက်” ရောဂါလက္ခဏာလို့ ခေါ်ပါတယ်။ ကျနော်တို့နှိုးလာတဲ့အခါ ရင်းနှီးနွေးထွေးမှုကို မခံစားရဘူး။ လိင်မှုဆက်ဆံရေးက ကျနော်တို့ကို ကျေနပ်မှုမပေးတော့ဘဲ၊ ကျနော်တို့အရင်က တကယ်မဖြစ်ချင်ခဲ့တဲ့ အရာနဲ့ပဲ အဆုံးသတ်ရတော့တယ်။ အမှန်ရှိနေတာက ကိုယ့်ဆန္ဒကိုဖြည့်ဆည်းဖို့ကြိုးစားနေတဲ့ အတ္တသမားနှစ်ယောက်ပါပဲ။ စစ်မှန်တဲ့အချစ်နဲ့ ကျွမ်းဝင်ရင်းနှီးမှုရဲ့အရိပ်လက္ခဏာတွေကို “တဒင်္ဂ” မတွေ့ရတော့ဘဲ၊ မညီမျှတဲ့အနေအထားတစ်ခုမှာ သဟဇာတဖြစ်ခြင်းကို ရှာဖွေနေမှန်း ကိုယ့်ကိုကိုယ်တွေ့လာရတယ်။
ကျနော်တို့ကိုယ်စီဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းခု ရှိတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆိုင်ရာနဲ့ ဘာသာရေးဆိုင်ရာဆိုပြီးရှိပါတယ်။ ဒီအစိတ်အပိုင်းငါးခုကို သဟဇာတကျကျ အတူတကွလုပ်ဆောင်ဖို့ ပုံစံပြုထားတာဖြစ်ပါတယ်။ ရင်းနှီးမှုရှာဖွေရာမှာ ကျနော်တို့က ဒီနေ့ (သို့) မနေ့ကပဲ အဖြေရချင်ကြတယ်။ ပြဿနာက ကျနော်တို့ဟာ “တဒင်္ဂ” အားရကျေနပ်မှုကို လိုချင်ကြတယ်။ အချစ်ရေးမှာ ရင်းနှီးမှုလိုအပ်ချက် မပြည့်ဝတဲ့အခါ “တဒင်္ဂ” ဖြေရှင်းချက်ကို ရှာတတ်ကြတယ်။ ကျနော်တို့ဘယ်မှာ ရှာကြသလဲ? ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ လူမှုရေး၊ ခံစားမှု (သို့) ဘာသာရေးဆိုင်ရာမှာလား? ခန္ဓာပိုင်းမှာဖြစ်ပါတယ်။ တခြားနယ်ပယ်လေးခုမှာထက်စာရင် ခန္ဓာပိုင်းမှာ လူတစ်ယောက်နဲ့ ရင်းနှီးဖို့က လွယ်ကူပါတယ်။ တစ်နာရီ (ဒါမှမဟုတ်) နာရီဝက်အတွင်းမှာ ဆန့်ကျင်ဖက်လိင်တစ်ဦးနဲ့ ခန္ဓာပိုင်းဆိုင်မှာ ရင်းနှီးနိုင်ပါတယ် -- သွေးသားဆန္ဒအပေါ်မှာပဲ မူတည်တာပါ! ဒါပေမယ့် လိင်ဟာ အပေါ်ယံလိုအပ်ချက်ကို ယာယီဖြည့်ဆည်းပေးတဲ့ အရာတစ်ခုပါပဲဆိုတာ သင်မကြာခင်တွေ့လာမယ်။ မဖြည့်ဆည်းနိုင်သေးတဲ့ များစွာပိုမိုနက်ရှိုင်းတဲ့ လိုအပ်ချက်တစ်ခု ရှိနေပါတယ်။
ရင်ဖိုမှုလျော့ကျသွားတဲ့အခါ ပြီးတော့ လိင်ဆက်ဆံလေ အရသာမတွေ့လေဖြစ်တဲ့အခါ သင်ဘာလုပ်သလဲ? ကျနော်တို့က “ကျနော်တို့နှစ်ယောက် မေတ္တာရှိပါတယ်။ တကယ်ကို ချစ်ကြတာပါ။” ဆိုပြီး အကြောင်းပြတတ်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အပြစ်ရှိသလိုနဲ့ မပြည့်ဝသလို ခံစားနေရတုန်းပါ။ အမေရိကားတခွင်ကကျောင်းဝင်းတွေမှာ ယောကျ်ားလေးနဲ့ မိန်းကလေးတွေ မေတ္တာငတ်ပြီး အချစ်ရေးတစ်ခုကနေ နောက်တစ်ခုကိုပြောင်းလဲရှာဖွေနေကြတာ ကျနော်တွေ့နေရပါတယ်။ “ငါရှာနေတာ ဒါပဲဖြစ်မှာပါ။ ဒီတစ်ကြိမ်တော့ တည်မြဲတဲ့အချစ်ရေးကို ငါတွေ့ရတော့မှာပါ။” ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့။
ကျနော်တို့တကယ်လိုချင်တာ လိင်မဟုတ်ဘူးလို့ ကျနော်ယုံကြည်တယ်။ ကျနော်တို့အမှန်တကယ်လိုချင်တာက ကျွမ်းဝင်မှုပါ။
ယနေ့ခေတ်မှာ ကျွမ်းဝင်မှုဆိုတဲ့စကားလုံးက လိင်မှုပိုင်းလိုအဓိပ္ပာယ်မျိုးကို သက်ရောက်စေပါပြီ။ ဒါပေမယ့် ဒီ့ထက်အများကြီးလေးနက်ပါတယ်။ ကျွမ်းဝင်ရင်းနှီးမှုမှာ ကျနော်တို့ဘဝရဲ့ကွဲပြားတဲ့ရှုထောင့်တွေ ပါဝင်တယ် -- ခန္ဓာရုပ်ပိုင်းလည်း မှန်ပါတယ်၊ ဒါပေမယ့် လူမှုရေးပိုင်း၊ ခံစားမှုပိုင်း၊ စိတ်ပိုင်းနဲ့ ဘာသာရေးကဏ္ဍတွေလည်း ပါဝင်ပါတယ်။ ကျွမ်းဝင်ရင်းနှီးမှုဆိုတာ အမှန်တကယ်တော့ အကြွင်းမဲ့ဘဝဝေမျှခြင်း ပဲဖြစ်ပါတယ်။ ကျနော်တို့ဟာ တစ်ချိန်ချိန်မှာ နီးစပ်ခြင်း၊ တစိတ်တဝမ်းတည်းကျခြင်း၊ တစ်ဦးဦးနဲ့ ဘဝကိုအကြွင်းမဲ့ဖလှယ်ခြင်းရှိဖို့ ဆန္ဒရှိကြတယ်မဟုတ်ပါလား?
အချစ်ဆိုတာဘာလဲ - ကျွမ်းဝင်ရင်းနှီးမှု။ မာရ်ရှယ်လ်ဟော့ဂျ်က “Your Fear of Love” ဆိုတဲ့စာအုပ်တစ်အုပ်ကို ရေးခဲ့တယ်။ အဲဒီအထဲမှာ သူက “ကျနော်တို့ဟာ အချစ်၊ နီးကပ်မှုနဲ့ ကြင်နာယုယမှုတွေ ဖော်ပြတဲ့အချိန်လေးတွေကို တောင်းတကြတယ်။ ဒါပေမယ့် မကြာခဏပဲ အရေးကြီးတဲ့အချိန်ရောက်တဲ့အခါ ကျနော်တို့တွန့်ဆုတ်သွားတတ်ကြတယ်။ ကျနော်တို့ဟာ အနီးကပ်မှာကြောက်ကြတယ်။ အချစ်ကိုကြောက်ကြတယ်။” လို့ပြောပါတယ်။ အဲဒီစာအုပ်ထဲ နောက်ပိုင်းမှာပဲ ဟော့ဂျ်က “လူတစ်ယောက်ကို ပိုနီးကပ်လိုက်ရင်၊ နာကျင်မှုပိုကြီးမားနိုင်တယ်။” လို့ပြောပါတယ်။ စစ်မှန်တဲ့ကျွမ်းဝင်ရင်းနှီးမှုမတွေ့အောင် ဟန့်တားတာကတော့ နာကျင်မှာကြောက်ရွံ့ခြင်းပါပဲ။
ကျနော်တစ်ခါ တောင်ပိုင်းအီလီနွိုက်စ်က တက္ကသိုလ်တစ်ခုမှာ သင်ခန်းစာစဉ်ရှည်တစ်ခု ပေးနေခဲ့တယ်။ အတန်းတစ်ခုအပြီးမှာ အမျိုးသမီးတစ်ဦးလာပြီး “ဆရာ့ကို ကျမကောင်လေးရဲ့ပြဿနာအကြောင်း ပြောပြချင်တယ်” လို့ ပြောပါတယ်။ ကျနော်တို့အတူထိုင်ပြီး သူမရဲ့ဒုက္ခအဖုံဖုံကိုစပြောတော့တယ်။ ခဏကြာပြောပြီးနောက် သူမက “ကျမနောက်ထပ် မနာကျင်ရတော့အောင် ခြေလှမ်းတွေစတော့မယ်” လို့ပြောပါတော့တယ်။ ကျနော်က “တစ်နည်းအားဖြင့် ခင်ဗျားနောက်ထပ် မချစ်ရတော့အောင် ခြေလှမ်းတွေစတော့မယ်ပေါ့” လို့ပြောလိုက်တယ်။ သူမက ကျနော်နားလည်လွဲတာဆိုပြီး ထပ်ပြောတယ်- “ကျမပြောချင်တာ အဲလိုမဟုတ်ဘူးလေ။ နောက်ထပ် မနာချင်တော့တာကိုပါ။ ကျမဘဝမှာ နာကျင်မှုကို မလိုချင်တော့တာ” လို့ပြောတော့ ကျနော်က “ဟုတ်ပါတယ်၊ ခင်ဗျားဘဝမှာ အချစ်ကိုမလိုချင်တော့ဘူးပဲ” လို့ ပြောလိုက်ပါတော့တယ်။ “နာကျင်မှုကင်းမဲ့တဲ့အချစ်” ဆိုတာမျိုးမရှိတာ၊ သင်အသိပဲလေ။ တစ်ယောက်ကိုပိုနီးကပ်လိုက်ရင် နာကျင်မှုပိုကြီးတတ်ပါတယ်။
သင်နဲ့အတူ အခြားလူဦးရေရဲ့ ၁ဝဝ ရာနှုန်းလောက်ဟာ အရင်အချစ်ရေးတစ်ခုခုမှာ နာကျင်ခဲ့ကြတာချည်းပါလို့ ကျနော် မှန်းဆရမှာပါ။ မေးခွန်းက သင်အဲဒီနာကျင်မှုကို ဘယ်လိုဖြေရှင်းသလဲ? နာကျင်မှုကိုဖုံးကွယ်ဖို့အတွက် ကျနော်တို့ တော်တော်များများက “လက္ခဏာနှစ်ခွ” လို့ကျနော်ခေါ်တဲ့အရာကို ပြတတ်ကြတယ်။ တစ်ယောက်ယောက်ကို “ကဲ၊ ငါ့ကိုပိုနီးကပ်စေချင်တယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ချစ်ချင်တယ် … အဲ-ဒါပေမယ့် ငါအရင်ကနာကျင်ခဲ့ဖူးတယ်။ တော်ပြီ၊ ဒါတွေကိုမပြောချင်တော့ဘူး။ ကြားလည်းမကြားချင်တော့ဘူး” လို့ တစ်ချိန်တည်းမှာပဲ ပြောတတ်ကြပါတယ်။ အပြင်ကနေ မထိခိုက်မနာကျင်စေအောင် ကျနော်တို့နှလုံးသားကို တံတိုင်းတွေနဲ့ကာရံထားကြတယ်။ ဒါပေမယ့် လူတွေဆီကကာကွယ်တဲ့ အဲဒီတံတိုင်းကပဲ ကျနော်တို့ကို အထဲမှာညှပ်ပိတ်နေစေတယ်လေ။ ရလာဒ်ကကော? အထီးကျန်ခြင်း စတင်အမြစ်စွဲလာပြီး စစ်မှန်တဲ့ကျွမ်းဝင်မှုနဲ့အချစ်ဆိုတာ ဖြစ်မလာတော့ပါဘူး။
အချစ်ဆိုတာဘာလဲ - ကျွမ်းဝင်ရင်းနှီးမှု။ အချစ်ဟာ စိတ်ခံစားမှုထက်ပိုပါတယ်။ ပြီးတော့ သာယာတဲ့ခံစားမှုထက် အများကြီးပိုတယ်။ ဒါပေမယ့် ကျနော်တို့လူ့ဘောင်က ဘုရားသခင်ပြောထားတဲ့ မေတ္တာ၊ လိင်နဲ့ ကျွမ်းဝင်ရင်းနှီးမှုတွေကို တလွဲယူပြီး စိတ်ခံစားမှုနဲ့ဖီလင်တွေအဖြစ်လောက်ပဲ ပြောင်းလဲပစ်ကြတယ်။ ဘုရားက ချစ်ခြင်းမေတ္တာကို သမ္မာကျမ်းစာထဲမှာ၊ အထူးသဖြင့် ကောရိန်သုသြဝါဒစာ ပထမစောင် အခန်းကြီး (၁၃) ထဲမှာ၊ အပြည့်အစုံ ဖော်ပြပေးထားတယ်။ ဘုရားသခင်ရဲ့အချစ်အနက်အဓိပ္ပာယ် ဖွင့်ဆိုပုံကို သင်လုံးစေ့ပတ်စေ့နားလည်နိုင်ဖို့အတွက် သင့်ကို အခန်းငယ် (၄) မှ (၇) ထိ ကျမ်းပိုဒ်တွေ အခုလိုပဲ ပေးလိုက်ပါရစေ။ ဘုရားက ကျနော်တို့ဒီလိုချစ်သင့်တယ်လို့ ပြောတဲ့အတိုင်းသာ တစ်စုံတစ်ယောက်က သင့်ကိုချစ်ခဲ့မယ်ဆိုရင် သင့်လိုအပ်ချက်တွေ ဘယ်လောက်များပြည့်စုံလိမ့်မလဲ -
အဲဒါဟာ အချစ်ရေးမှာ ကျနော်တို့ကို ကြုံတွေ့စေချင်တဲ့ အချစ်မျိုးကို ဘုရားသခင်က အဓိပ္ပာယ်ဖွင့်ဆိုပေးထားတာ ဖြစ်ပါတယ်။ ဒီလိုအချစ်မျိုးဟာ “သူတပါး” ကို ဗဟိုပြုတယ်ဆိုတာ သင်သတိထားမိမှာပါ။ ဒါဟာ ကိုယ်ကျိုးရှာခြင်း မဟုတ်ဘဲ၊ ပေးဆပ်ခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုရှိတယ်။ ဘယ်သူက အဲလိုအချစ်မျိုးနဲ့ ချစ်နိုင်ပါ့မလဲ?
အချစ်ရေးမှာ ဒီလိုအချစ်မျိုးကိုတွေ့ကြုံဖို့အတွက် အရင်ဦးဆုံး ကျနော်တို့အတွက်ဘုရားသခင်ရဲ့အချစ်ကို ခံစားကြုံတွေ့ဖို့ လိုပါတယ်။ အဲဒီအချစ်မျိုးနဲ့ တစ်ခါမျှအချစ်မခံရဘူးဆိုရင် အဲလိုအချစ်မျိုးနဲ့ ဘယ်သူ့ကိုမှ အမြဲတမ်းမချစ်နိုင်ပါဘူး။ သင့်ကိုသိတဲ့ဘုရား၊ သင့်အကြောင်းအလုံးစုံကို သိတဲ့ဘုရားဟာ သင့်ကို တုနှိုင်းဖွယ်ရာမရှိ ချစ်ပါတယ်။
ဘုရားသခင်က ရှေးပရောဖက် ယေရမိကနေတဆင့် “အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထို့ကြောင့် ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏။” (ယေရမိ ၃၁း၃)။ ဒါကြောင့် သင့်အတွက် ဘုရားရဲ့အချစ်ဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်တော့ပါဘူး။
ဘုရားသခင်က ကျနော်တို့ကို အလွန်ချစ်တဲ့အတွက် ကျနော်တို့အပြစ်မှ သန့်ရှင်းစင်ကြယ်ဖို့ရန် ယေရှုခရစ်တော်ကို ကားစင်တင်သတ်ခြင်း (ရှေးဟောင်းကွပ်မျက်ခြင်းပုံစံတစ်ခု) ကို ခံရစေခဲ့တာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယောဟန် ၃း၁၆) လို့ ကျနော်တို့ ဖတ်ရပါတယ်။ ကျနော်တို့ ဘုရားဆီကိုဦးလှည့်ပြီး သူ့ရဲ့ခွင့်လွှတ်ခြင်းကို လက်ခံလိုက်တဲ့အခါမှာ သူ့ရဲ့အချစ်ကို ကျနော်တို့စတင် ခံစားရပါတယ်။
ဘုရားသခင်က ကျနော်တို့ကို “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။” (ယောဟန်သြဝါဒစာ ပ-စောင် ၁း၉) လို့ ပြောပါတယ်။ ဘုရားသခင်က ကျနော်တို့အပြစ်များကို ခွင့်လွှတ်ရုံသာမက ထိုအပြစ်များကို မေ့ဖျောက်ပစ်လိုက်ပြီး ကျနော်တို့ကိုလည်း စင်ကြယ်စေတာဖြစ်ပါတယ်။
ဘယ်လိုဖြစ်ပါစေ ဘုရားသခင်က ကျနော်တို့ကို ချစ်နေဆဲပါ။ အချစ်ဇာတ်လမ်းတွေဟာ တစ်ခုခုပြောင်းလဲသွားတဲ့ အခါမျိုးမှာ အဆုံးသတ်သွားလေ့ရှိပါတယ်၊ ဥပမာ ထိခိုက်ဒဏ်ရာရစေတဲ့ အက်ဆီးဒင့်တစ်ခုခု သို့မဟုတ် ငွေကြေးဥစ္စာဆုံးရှုံးမှုတစ်ခုခုလိုပေါ့။ သို့ပေမယ့် ဘုရားရဲ့ချစ်ခြင်းမေတ္တာကတော့ ကျနော်တို့ရဲ့ရုပ်လက္ခဏာပေါ် (သို့) ကျနော်တို့ ဘယ်သူလဲ၊ ဘာလဲဆိုတဲ့အပေါ် မမူတည်ပါဘူး။
သင်မြင်တွေ့နိုင်တဲ့အတိုင်းပဲ ဘုရားရဲ့မေတ္တာရှုမြင်ပုံဟာ ကျနော်တို့လူ့အသိုင်းအဝိုင်းက အချစ်ပါလို့ပြောတဲ့အရာနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။ ထိုကဲ့သို့သောမေတ္တာမျိုးရှိတဲ့ အချစ်ရေးတစ်ခုကို သင်မှန်းဆကြည့်ပါ။ ဘုရားသခင်က သူ့ရဲ့ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို တောင်းခံရင် ကျနော်တို့အတွက်ပါပဲလို့ ပြောနေပါတယ်။ အဲဒါဟာ ကျနော်တို့အတွက် သူ့ရဲ့လက်ဆောင်မွန်ပါ။ ဒါပေမယ့် အဲဒီလက်ဆောင်ကို ငြင်းဆိုခဲ့ရင်တော့ ကျနော်တို့ဟာ စစ်မှန်တဲ့ကျေနပ်မှု၊ စစ်မှန်တဲ့ကျွမ်းဝင်ရင်းနှီးမှုနဲ့ ဘဝရဲ့ရည်ရွယ်ချက်အမှန်ကို ရှာတွေ့ခြင်းကနေ ကိုယ့်ကိုကိုယ် ဖြတ်တောက်ပစ်လိုက်ကြတာပါပဲ။
အချစ်ဆိုတာဘာလဲ - ကျွမ်းဝင်ရင်းနှီးမှု။ ဘုရားသခင်ရဲ့မေတ္တာက အဖြေကိုပေးပါတယ်။ ကျနော်တို့လုပ်ရမှာက ယုံကြည်ခြင်းနဲ့ သစ္စာစောင့်သိခြင်းအားဖြင့် တုံ့ပြန်ဖို့ပဲ ဖြစ်ပါတယ်။ ကျမ်းစာက ယေရှုအကြောင်းကို- “ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော့်ကိုယုံကြည်သောသူတို့အား [သူ၏အမည်နာမကို ယုံကြည်သောသူတို့အားပင်လျှင်] ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။” (ယောဟန် ၁း၁၂) လို့ပြောပြပါတယ်။ ဘုရားသခင်ဟာ တစ်ပါးတည်းသောသားတော် ယေရှုကို ကျနော်တို့နေရာမှာ အစားခံသေဖို့ စေလွှတ်ခဲ့တယ်။ ဒါပေမယ့် ဒီမှာပဲ ဇာတ်လမ်းဆုံးသွားတာ မဟုတ်ပါဘူး။ သုံးရက်မြောက်တဲ့အခါ ယေရှုဟာ သေခြင်းကပြန်ထမြောက်ခဲ့တယ်။ ဘုရားသခင်အဖြစ် ယနေ့သူဟာ အသက်ရှင်နေပြီး သူ့မေတ္တာကို သင့်နှလုံးသားထဲမှာ ခိုဝင်ကိန်းအောင်းစေလိုပါတယ်။ သူ့ကိုလက်ခံလိုက်တာနဲ့ သူသင့်ဘဝနဲ့ သင့်အချစ်ရေး၊ အိမ်ထောင်ရေးတွေကို ဘယ်လိုပြောင်းလဲပေးနိုင်တယ်ဆိုတာ သင်အ့ံအားသင့်ရပါလိမ့်မယ်။
ဘုရားရဲ့နှုတ်ကပတ်တော်က ကျနော်တို့ကို “သားတော်(ယေရှုခရစ်တော်)ကိုယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေသည်” (ယောဟန် ၃း၃၆) လို့ ပြောပါတယ်။ ဘုရားသခင်ကျနော်တို့အား အသက်ကိုရရှိစေချင်ပါတယ်၊ ယနေ့အတွက်သာမက ထာဝရအတွက်ပါ ဖြစ်ပါတယ်။ သူ့ကိုငြင်းပယ်ဖို့ ရွေးချယ်မယ်ဆိုရင် အပြစ်တရားရဲ့အကျိုးဆက်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ အကျိူးဆက်ကတော့ သေခြင်းနဲ့ သူ့ထံမှထာဝရကွဲကွာခြင်းပဲ ဖြစ်ပါတယ်။
ကျနော်တို့ဘဝတွေကို ဟန်ချက်ညီစေတာကတော့ ယေရှုခရစ်တော်ကိုလက်ခံခြင်း၊ ကျနော်တို့ဘဝထဲကို သူ့ကိုလက်ခံပြီး သူ့ကိုယုံကြည်ခြင်းပဲ ဖြစ်ပါတယ်။ ဘုရားကိုယုံကြည်ခြင်းက ဘုရားရဲ့ခွင့်လွှတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ပုန်းရှောင်ဖို့ မလိုတော့ဘူး၊ ကိုယ့်လမ်းကိုလျှောက်ဖို့ မလိုတော့ပါဘူး။ သူဟာ ကျနော်တို့နဲ့အတူ ရှိနေတယ်။ သူနဲ့ဆို ငြိမ်သက်ခြင်းကိုရရှိမှာ ဖြစ်ပါတယ်။
ကျနော်တို့ရဲ့ယုံကြည်မှုနဲ့ မှီခိုမှုကို သူ့အပေါ်တည်ထားတဲ့အခါ သူဟာကျနော်တို့ဘဝထဲမှာ ရှင်သန်လာပြီး သူနဲ့ကျွမ်းဝင်ရင်းနှီးမှုကို ရပါတယ်။ သူ့ရဲ့ခွင့်လွှတ်ခြင်းတရားက ကျနော်တို့ရှိခဲ့ဖူးတဲ့ (သို့) နောင်ရှိလာမယ့် အကြီးမားဆုံးအပြစ်၊ အကြီးမားဆုံးအတ္တ၊ အကြီးမားဆုံးပြဿနာ (သို့) အခက်အခဲကနေ စင်ကြယ်လွတ်ကင်းစေမှာ ဖြစ်ပါတယ်။
သမ္မာကျမ်းစာတလျှောက် လိင်အပေါ် ဘုရားရဲ့သဘောထားဟာ အင်မတန်ရှင်းလင်းပါတယ်။ ဘုရားဟာ လိင်ကို အိမ်ထောင်ရေးအတွက်သာလျှင် သီးသန့်ရည်ရွယ်ခဲ့ပြီးသားဖြစ်ပါတယ်။ ကျနော်တို့ကို စိတ်မသက်မသာ ဖြစ်စေလိုတာမဟုတ်ဘဲ ကျနော်တို့ရဲ့နှလုံးသားကို ကာကွယ်စောင့်ရှောက်လိုတာဖြစ်ပါတယ်။ ကျနော်တို့အတွက် လုံခြုံမှုအခြေအမြစ်ကို တည်ဆောက်ပေးလိုတာ ဖြစ်ပါတယ်။ ဒါမှသာ ကျနော်တို့အိမ်ထောင်မှုပြုတဲ့အခါ ဘုရားသခင်ရဲ့ မေတ္တာနဲ့ဉာဏ်ပညာမှာတည်ထားတဲ့ လုံခြုံမှုအပေါ်မှာ ကျနော်တို့ရဲ့ရင်းနှီးကျွမ်းဝင်မှုကို အခြေစိုက်နိုင်မှာဖြစ်ပါတယ်။
ယေရှုခရစ်တော်ထံ ကိုယ့်ကိုကိုယ်အပ်နှံထားတဲ့အခါ သူက နေ့ရက်စဉ်တိုင်း အသစ်သောမေတ္တာနဲ့ စွမ်းအားကို ပေးပါတယ်။ အဲဒါဟာ ကျနော်တို့ရှာဖွေနေတဲ့ ကျွမ်းဝင်ရင်းနှီးမှုကျေနပ်ပြည့်စုံတဲ့နေရာပဲ ဖြစ်ပါတယ်။ ဘုရားသခင်က အိုမင်းလာမယ့်နှစ်များစွာနဲ့ ပြောင်းလဲသွားမယ့်အချိန်တွေမှာပင် ရပ်တန့်ကုန်ခမ်းမသွားတော့မယ့် အချစ်မျိုးကို ပေးမှာဖြစ်ပါတယ်။ ဘုရားရဲ့မေတ္တာက လူနှစ်ဦးကို အတူဆုံဆည်းအောင်ဆောင်ကျဉ်းနိုင်ပြီးတော့၊ အဲဒီပေါင်းစပ်ခြင်းရဲ့ဗဟိုမှာ သူရှိပါတယ်။ မေတ္တာဖွဲ့အချစ်ဇာတ်လမ်းတစ်ခုမှာ ဝိညာဉ်ရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားမှုပိုင်းဆိုင်ရာမှာ အတူတကွ ကြီးထွားလာတဲ့အခါ ပွင့်လင်းဖြူစင်ပြီး ဂရုတစိုက်နဲ့ ကျွမ်းဝင်ရင်းနှီးတဲ့ အချစ်ရေးတစ်ခုကို သင်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အဲဒါဟာ ကျေနပ်ပြည့်စုံပြီး ရင်ခုန်စရာကောင်းပါတယ်။ အဲဒီအချစ်ရေးဟာ ရှေ့ဆက်လာပြီး အိမ်ထောင်ပြုခြင်းမှာ အဆုံးသတ်တဲ့အခါ လိင်မှုပေါင်းစည်းခြင်းက ယခင်တည်ဆောက်ထားပြီးသား အခြေခံအုတ်မြစ်ကို ပိုမိုခိုင်ခံ့စေတာသာဖြစ်ပါတယ်။
ဘယ်လိုအချစ်ရေးမှာမဆို ဘုရားသခင် ကျနော်တို့ကိုချစ်တယ်ဆိုတာသိခြင်းက တစ်ဖက်သားကို ပိုမိုစစ်မှန်စွာချစ်နိုင်ဖို့ ကျနော်တို့ကို အခွင့်ပေးပါတယ်။ ကျနော်တို့ဟာ စိတ်ခံစားမှုပိုင်းမှာ လိုအပ်မှုနည်းပါးမယ်ဖြစ်တယ်။ အချစ်ရေးများစွာကပုံဖော်တဲ့ သဝန်တိုမှု၊ ခါးသီးမှုနဲ့ မရိုးသားမှုတွေဟာ ကျနော်တို့ ရွေးချယ်စရာ မဟုတ်တော့ပါဘူး။ ကျနော်တို့ အဲဒါတွေထဲ ကျရောက်စရာမလိုဘူးဆိုတာ တွေ့လာတယ်။ အဲဒီအစား အဲဒီမာယာတွေကို ဖယ်ရှားနိုင်ပြီး သစ္စာရှိလာမယ်၊ ပြီးတော့ အပြစ်တွေကို ခွင့်လွှတ်နိုင်မှာ ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် ဘုရားရဲ့မေတ္တာကို ကြုံတွေ့ခံစားတဲ့အခါ အခြားသူများကို တမူထူးခြားစွာ ဆက်ဆံတတ်ဖို့ ကျနော်တို့ကို လှုံ့ဆော်အားပေးတာဖြစ်တယ်။
ဘုရားသခင်ကိုသိရှိပြီး သင့်ဘဝနဲ့အချစ်ရေးတွေကို ဦးဆောင်စေလိုပါသလား?
ခရစ်တော်ကို ယုံကြည်ခြင်း၌ ဆုတောင်းခြင်းအားဖြင့် ယခုပင် သင်လက်ခံရရှိနိုင်ပါတယ်။ ဆုတောင်းတယ်ဆိုတာ ဘုရားနဲ့စကားပြောတာပါပဲ။ ဘုရားသခင် သင့်နှလုံးသားကိုသိနားလည်ပြီး သင့်စိတ်သဘောထားကို မြင်တာဖြစ်တဲ့အတွက် စကားလုံးတွေကို သိပ်အရေးမထားပါဘူး။ အကြံပြုဆုတောင်းချက်တစ်ခု ပေးထားပါတယ် - “သခင်ယေရှု၊ ကျွနု်ပ်ကိုယ်တော့်ကို အလိုရှိပါ၏။ ကျွနု်ပ်အပြစ်များအတွက် ကားတိုင်ပေါ်မှာ အသေခံခဲ့တာ ကျေးဇူးတင်ပါတယ်။ ကျွနု်ပ်ဘဝရဲ့တံခါးကိုဖွင့်ပြီး ကိုယ်တော့်ကို ကျွနု်ပ်၏ကယ်တင်ရှင်နဲ့ သခင်အဖြစ် လက်ခံပါတယ်။ ကျွနု်ပ်အပြစ်များကို ခွင့်လွှတ်ပြီး ထာဝရအသက်ကို ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွနု်ပ်ဘဝကို စောင့်ထိန်းပဲ့ပြင်တော်မူပြီး ကိုယ်တော်ဖြစ်စေလိုတဲ့ပုဂ္ဂိုလ်မျိုးအဖြစ် ပြုပြင်တော်မူပါ။”
ဒီဆုတောင်းချက်က သင့်နှလုံးသားရဲ့ဆန္ဒကို ဖော်ပြပါသလား? ဖော်ပြတယ်ဆိုရင် ဒါကိုအခုပင် ဆုတောင်းလိုက်ပါ။ ခရစ်တော်၌ သင့်ယုံကြည်မှုကို တည်ထားခြင်းက သူကတိတော်ရှိတဲ့အတိုင်း သင့်ဘဝထဲကို ဝင်ရောက်လာစေမှာ ဖြစ်ပါတယ်။ ဒီဟာက သူ့ကိုပိုမိုသိကျွမ်းလာတဲ့အမျှ ပိုမိုကျွမ်းဝင်နီးစပ်တဲ့ ဘုရားသခင်နဲ့မေတ္တာဇာတ်လမ်းတစ်ခုကို အစပြုစေမှာဖြစ်ပါတယ်။ ဗဟိုချက်မှာ သူရှိခြင်းအားဖြင့် သင့်ဘဝမှာ လုံးဝသစ်လွင်တဲ့ရှုထောင့်တစ်ခု -- ဝိညာဉ်ရေးရှုထောင့် -- ဖြစ်ထွန်းလာစေမှာဖြစ်ပြီး သင့်ဆက်ဆံရေးတိုင်းအတွက် သဟဇာတနဲ့ ကျေနပ်မှုကို ဆောင်ကျဉ်းပေးမှာ ဖြစ်ပါတယ်။
သင့်အတွက်ဘုရားရဲ့မေတ္တာကို သိနားလည်ပြီး ကြုံတွေ့ခံစားခြင်းက အခြားသူများကို ဘုရားရဲ့မေတ္တာနဲ့ ချစ်လာနိုင်စေပြီး ထိုအရာက စစ်မှန်တဲ့ကျွမ်းဝင်ရင်းနှီးမှုရဲ့ ပိုမိုနက်ရှိုင်းတဲ့အဆင့်သို့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ပြီးပါပြီ (အခြားအထောက်အကူပြုအချက်အလက်များ လိုက်လာရန်)
ဒစ်က်ပရ်နယ်လ်က တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းဝင်းပေါင်း ၄၅ဝ ကျော်မှာ ကျောင်းသူ/သားများစွာကို စကားပြောခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ “Becoming a Friend and Lover” နဲ့ “Free to Love Again: Coming to Terms with Sexual Regret” အပါအဝင် စာအုပ် ၁၂ အုပ်ရဲ့ စာရေးသူဖြစ်ပါတယ်။
© ၁၉၉၇ ရစ်ချတ်ပရ်နယ်လ်