ချစ်သောအဆွေ
အချိန်နာရီရဲ့ ရွေ့လျားမှုအောက်မှာ လောကရဲ့ ခရီးသွားဧည့်သည်ဖြစ်တဲ့ အဆွေနဲ့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ဘဝရဲ့ ဇာတ်ခုံမှာ သွားလာလှုပ်ရှား၊ ကြိုးစားရုန်းကန် တွေ့ကြုံ ခံစားရင်းနဲ့ ကိုယ်ကိုယ်တိုင် လုံးဝဆုပ်ကိုင်လို့ မရတဲ့ အချိန်တစ်ခုမှာတော့ ဒီလောကကြီးကို ကျောခိုင်းပြီး ထွက်ခွာသွားကြရမယ် မဟုတ်ပါလား။
လိုအပ်ချက်နဲ့ ပြည့်စုံမှုမရှိလှတဲ့ ပုထုဇဉ် လူသားတွေဟာ နေ့စဉ်အသက်ရှင်စဉ် အခါသမယမှာ ကောင်းကျိုးချမ်းသာနဲ့ တမလွန်မှာ ကောင်းရာသုဂတိလားဖို့ရန် အားကိုးရာတော့ ရှာရ စမြဲပဲမဟုတ် လားမိတ်ဆွေ။
ဒါကြောင့်လည်း ဘုရားတရားဆိုတာ လူ့ဘ၀ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းမှာ ဝင်ရောက် နေရာယူနေတာပါ။ ဒါဆိုရင် မေးခွန်းတစ်ခုတော့ မေးပါရစေ။ မိတ်ဆွေရဲ့ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးအတွက် လက်တွေ့ကျကျ အကျိုးပေးနိုင်တာ ဘုရားလား တရားလားဆိုတာ မိတ်ဆွေ သေသေချာချာ စဉ်းစားမိပါရဲ့လား။ မိတ်ဆွေအနေနဲ့ ဘုရားနဲ့တရားဟာ အတူတူပဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်သဘောလေးတွေ ရှိနေတယ်ဆိုတာ ပြောပြပါရစေ။
တရားသဘောဟာ မဖောက်ပြန်မပြောင်းလဲတဲ့ သစ္စာဖြစ်တယ်၊ စစ်မှန်တဲ့ ဖြောင့်မတ်ခြင်း ဖြစ်တယ်၊ ညစ်ညူးမှုမရှိဘဲ သန့်ရှင်းမွန်မြတ်တယ်။ ဒီတရားသဘောတွေဟာ ဘာသာတိုင်း လူမျိုးတိုင်း အတွက် အတူတူပါပဲဆိုရင် ငြင်းစရာရှိမယ် မထင်ပါဘူး။ ဒါဆိုရင် မိတ်ဆွေဟာ ဘယ်လူမျိုး၊ ဘယ်ဘာသာ ဖြစ်နေပါစေ ဒီတရားသဘောတွေနဲ့ မိတ်ဆွေကို ချိန်ထိုးကြည့် မယ်ဆိုရင် မိတ်ဆွေဟာ အရာရာမှာ သစ္စာရှိသူ သန့်ရှင်းသူတစ်ယောက် ဖြစ်နေပါရဲ့လား။
သင့်ရဲ့ စားဝတ်နေရေးအတွက် သင်ရပ်တည်နေရတဲ့ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေး ၊ လူမှုရေး၊ ပညာရေး နယ်ပယ်တွေမှာ တကယ်ပဲ တရားသဘောနဲ့ ကိုက်ညီပါ့မလား။ ကာယကံ ဆိုတဲ့ ကိုယ်ရဲ့ လုပ်ဆောင်မှုတိုင်းဟာ အမြဲတမ်း ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်ရဲ့လား။ ၀စီကံဆိုတဲ့ သင့်ရဲ့ နှုတ်က ထွက်လာတဲ့ စကားလုံးတိုင်းဟာ မုသားလုံးဝမပါဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ မနောဆိုတဲ့ သင့်ရဲ့စိတ်နှလုံးထဲမှာ မသိမသာ ဒေါသ ၊ မောဟ ၊ လောဘ ရှိနေတဲ့ ၊ မာန်မာနတွေကရော၊ သင့်ရဲ့ အတွေး သင့်ရဲ့အကြံအစည် သင့်ရဲ့ နှလုံးသားဆန္ဒတွေကရော သန့်ရှင်းရဲ့လား၊ မလွဲသာလို့သာ ကြိုးစားဖုံးဖိနေရပေမဲ့ စိတ်ထဲမှာတော့ ကျူးလွန်နေတဲ့ အရာတွေရှိတယ်မဟုတ်လား။ သင့်ရဲ့ စိတ်နှလုံး ထဲမှာ ဖြစ်ပျက်နေတဲ့ အရာကို ဗီစီဒီတစ်ခွေလို သဘောထားပြီး တီဖန်သားပြင်မှာ ကြည့်လိုက် မယ်ဆိုရင်တော့ အင်မတန် ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ကို တွေ့ရမယ်မဟုတ်လား။
သေချာတာ တစ်ခုကတော့ သင်ဟာ တရားရဲ့ စံချိန်ကို မနေ့က ကျူးလွန်ပြီးသား ဖြစ်သလို ဒီနေ့မှာတော့ မလိုက်နိုင်သူဖြစ်ပြီး၊ မနက်ဖြန်မှာတော့ လက်လှမ်းမမှီသူ ဖြစ်နေပါလိမ့်မယ်။ သင်ရဲ့အပြစ်ကို တရားရဲ့အဖြစ်က ဆန်းစစ်ပြီး အကျိုးအပြစ်ကို ဆပ်ပေးမယ်ဆိုရင် သင်ဟာ တရားကို အားကိုးလို့ ရပါတော့မလား မိတ်ဆွေ။
ဘုရားဟာ အနှိုင်းမရှိ ၊ သင်္ခါရမဟုတ် ထာဝရဖြစ်တယ်။ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ သူဖြစ်သလို အရာခပ်သိမ်းကို လည်းထိန်းချုပ်နိုင်သူဖြစ်တယ် ။ သဘာဝတရားကို မလွန်ဆန်နိုင်တဲ့သူ မဟုတ်ဘဲ အောင်နိုင်တဲ့သူ ဖြစ်တယ်။ ဘုရားဆိုတာ ဖြစ်လာတဲ့အရာ မဟုတ်ဘဲ ဖြစ်နေတဲ့အရာ၊ တည်ဆောက်ထားတဲ့ အရာမဟုတ်ဘဲ တည်ရှိနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ လိုအပ်ချက်မရှိ ပြီးပြည့်စုံ တဲ့သူဖြစ်လို့ ဘုရားကို လူကစောင့်ရှောက်စရာမလို ကျွေးမွေးစရာမလို ၊ ဘုရားကသာ လူကို စောင့်ရှောက်ဖို့ ကျွေးမွေးဖို့နဲ့ အကျွတ်တရားလမ်းကို ပို့ဆောင်ဖို့ တည်ရှိနေတာဖြစ်တယ်။
မိတ်ဆွေ ခဏလောက် စဉ်းစားကြည့်ပါ။ လောကကြီးထဲမှာ အဖေဆိုတာအများကြီးပါ။ ဒါပေမဲ့ သင့်ရဲ့ အဖေအရင်း ကတော့တစ်ယောက်တည်းမဟုတ်ပါလား ။ ဒီလိုပါပဲ လောကမှာ ဘုရားလို့ ခေါ်ဝေါ်သမုတ်တဲ့အရာ အများကြီးပါ။ ဒါပေမဲ့ သင့်ကိုဖန်ဆင်းတဲ့ဘုရား၊ သင့်ကို ထောက်ပံ့ကျွေးမွေး မဲ့ဘုရား၊ သင့်အကုသိုလ်အပြစ်ကြွေးကို ဖြေရှင်းပေးမဲ့ဘုရား၊ သေခြင်းကို အောင်တဲ့ဘုရား ကတော့ တစ်ဆူတည်းပါပဲမိတ်ဆွေ။
သင်ဟာကံသုံးပါးနဲ့ ကျူးလွန်မှုကို မရပ်နိုင်ရင် သင်ပြုတဲ့ ကုသိုလ်ကောင်းမှုဟာ စင်ကြယ် ပါ့မလား။ သင်ပြုတဲ့ကောင်းမှုကကော သင်ပြုတဲ့အကုသိုလ်ကို တကယ်ချေနိုင်ရဲ့လား။ ဘုရားက သင့်ရဲ့အစွမ်းအစနဲ့ တရားကို မလိုက်နိုင်ဘူးဆိုတာ သိနေတယ်။ ဒါပေမဲ့ သင်ကြိုးစား လုပ်ဆောင် မှုကိုတော့ ဘုရားက အခွင့်ပေးလျက်ပါပဲ။ တစ်နေ့ သင်ကြိုးစားအားထုတ်မှုနဲ့ မရတော့ ဘူးလို့ သိလာတဲ့အချိန်ထိ ဘုရားက သင့်ကို စောင့်ကြိုနေပါတယ်။
တရားရဲ့ စံချိန်က သင်နဲ့အလှမ်းကွာ နေပေမဲ့ ဘုရားရဲ့ မေတ္တာကတော့ သင့်ရဲ့ လက်တစ် ကမ်းမှာ ရှိနေပါတယ် ။ သင်ဟာ တရားရဲ့ စံချိန်ကို မလိုက်နိုင်တာကို သိလာတာနဲ့အမျှ ဘုရားဟာ သင့်ရဲ့အားကိုးရာ ဖြစ်လာပါလိမ့်မယ်။
တရားဆိုတာ ဓါတ်မှန်နဲ့ တူပါတယ် ။ ဓါတ်မှန်ဟာ လူနာ တစ်ယောက်ရဲ့ အထဲမှာရှိတဲ့ အကျိုးအပြစ်ကို ဖော်ပြပေးနိုင်ပေမဲ့ သူရဲ့ရောဂါကိုတော့ မကုသပေးနိုင်ဘူး။ တရားဟာလည်း သင့် အထဲမှာရှိတဲ့ အပြစ်ကိုတော့ ဖော်ပြပေးနိုင်ပေမဲ့ သင့်အပြစ်အတွက် ခံရမဲ့ အခကိုတော့ မဖြေရှင်း ပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားဟာ အသက်မရှိတဲ့အတွက် သူတစ်ပါးကို ကူညီနိုင်တဲ့ အစွမ်းအစဆိုတာလည်း မရှိပါဘူး။
ဘုရားဟာ ဆရာဝန်နဲ့တူတယ် ။ အသက်ရှိတဲ့ ဆရာဝန်ကသာ လူနာရဲ့ ရောဂါကို ပျောက် အောင်ကုသပေးနိုင်တယ်။ ဘုရားဟာ အသက်ရှိတယ်။ အစဉ်အမြဲ အသက်ရှင်နေတဲ့ ထာဝရဘုရား ဖြစ်တယ်။ အသက်ရဲ့ အရင်းအမြစ်လည်း ဖြစ်တယ် ၊ သတ္တဝါတွေ ရဲ့ အသက် ၊ အပင်တွေရဲ့ အသက် အားလုံးဟာ ဘုရားဆီကလာတာ ဖြစ်သလို ဒီအသက်တွေ အားလုံးကို ချုပ်ကိုင်ထားသူလည်းဖြစ်တယ် ။ လောကဆရာဝန်က မကုသနိုင်တဲ့ ရောဂါရှိပေမဲ့ ဘုရားကတော့ သင့်အတွက် မဖြေရှင်းပေးနိုင်တဲ့ အပြစ်ရဲ့ ဝဋ်ကြွေးဆိုတာမရှိဘူး၊ မဖြေရှင်းပေးနိုင်တဲ့ ပြဿနာ အခက်အခဲဆိုတာလည်း မရှိဘူး။ ဒါကြောင့် သင်တွေ့ကြုံနေရတဲ့ အခက်အခဲ၊ ပြဿနာ ၊ စိုးရိမ်မှု တွေအပေါ် အသက်ရှင်တဲ့ဘုရား ကောင်းမြတ်ကြောင်း မြည်းစမ်းကြည့်ပါ။ မနောက တမ်းတပြီး ဆုတောင်းကြည့်ပါ။ ဘုရား အသက်ရှင် ကြောင်း ဘုရားကိုယ်တော်တိုင်က သက်သေထူသွား ပါလိမ့်မယ်။
တရားကတော့ သင့်ကို နေ့စဉ်တောင်းဆိုနေမှာပဲ။ သင်ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော၊ ဘာပဲစဉ်းစားစဉ်းစား သင်ပြုတဲ့ အရာအားလုံးကို တရားက သူ့စံချိန်နဲ့ကိုက်ပြီး သင်လိုက်နိုင်နိုင် မလိုက်နိုင်နိုင် တောင်းဆိုနေမှာပဲ။ တရားရဲ့ တောင်းဆိုမှုဟာ သင်မွေးဖွားစဉ်ကတည်းကနေ သင်ရဲ့ အသက်ဆီမီးစာ ကုန်ဆုံးတဲ့အထိ တောင်းဆိုနေမှာပဲ ၊ သေပြီးနောင်ဘဝရောက်ရင်တောင်မှ ဆက်ပြီးတောင်းဆို နေဦးမှာပါ။
ဘုရားက သင့်ရဲ့ အစွမ်းအစနဲ့ တရားကို ဘယ်တော့မှ ပြည့်မှီအောင် မလိုက်နိုင်ဘူးဆိုတာ သိတယ် ။ ဒါကြောင့် ဘုရားက သင့်ကိုမတောင်းဆိုတော့ဘဲ သူအသက်ကို သင့်အတွက် ပေးဆပ်ခဲ့တယ်။ တရားရဲ့တောင်းဆိုမှုကနေ မလွတ်မြောက်နိုင်တဲ့ သင့်အတွက် ဘုရားရဲ့ပေးဆပ်မှုဟာ သံသရာက လွတ်ရာလမ်းကို ပြင်ဆင်ပေးခဲ့ပြီးပါပြီ ။
ကိုယ်ပြုသည့်ကံ ကိုယ်သာခံ ဆိုသလို တရားရဲ့ စံချိန်ကို မလိုက်နိုင်ရင်တော့ တရားက တစ်ခုမကျန် သင့်ကို စီရင်သွားမှာပဲ။
ရေနစ်သူတစ်ယောက်အတွက် အကောင်းဆုံးကတော့ လာပြီးကယ်မဲ့သူပဲမဟုတ်လား။ အပြစ်ရဲ့ နွံထဲမှာ ရှိနေတဲ့ သင့်အတွက်တော့ အလိုအပ်ဆုံးဟာ ကယ်တင်ရှင်ပါပဲ။ တရားရဲ့ စီရင်ခြင်းကနေ ဒုက္ခရောက်ရမဲ့ဘေးအတွက် ဘုရားရဲ့ ကယ်တင်ခြင်းက လက်ကမ်းကြိုလျက်ပါ မိတ်ဆွေ။
တရားသဘောကတော့ မေတ္တာအကြောင်းတွေကို ပြောပြပေမဲ့ သူ့မှာတော့ မေတ္တာလုံးဝမရှိဘူး၊ တရားကိုမလိုက်နိုင်လို့ ဒုက္ခဖြစ်လာရင်လည်း “ကိုယ်ဖြစ်ရင်ကိုယ်ခံပေါ့” လို့ပဲ အဖြေပေးမှာပဲဖြစ်တယ်။
ဒီနေ့ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ အကြီးမားဆုံး ငတ်မွတ်ခြင်းဘေးနဲ့ ရင်ဆိုင်နေရတယ် ။ အဲဒီအရာဟာ အစား အစာမဟုတ်ပါဘူး၊ အဝတ်အထည်လည်း မဟုတ်ပါဘူး။ နေစရာ အိမ်လည်း မဟုတ်ပါဘူး။ တကယ်တော့ လူတွေ ငတ်မွတ်နေတာ ချစ်ခြင်းမေတ္တာပါ။ ဒီနေ့ကမ္ဘာဟာ မဆင်းရဲပါဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေရဲ့ မေတ္တာဟာ ဆင်းရဲနေတာပါ။
ဒီကနေ့ လူတစ်ယောက်နဲ့တစ်ယောက် ၊ လူတစ်မျိုးနဲ့တစ်မျိုး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရန်ဘက်ဖြစ်နေတာတွေရဲ့အဓိကအကြောင်းအရင်းဟာ မေတ္တာမရှိလို့ မဟုတ်ဘူးလား မိတ်ဆွေ။ ဆင်းရဲ ချမ်းသာ ၊ အယုတ် ၊ အလတ် အမြတ်မရွေး လူတွေအလိုအပ်ဆုံးအရာဟာ ချစ်ခြင်းမေတ္တာပါပဲ ။ မေတ္တာ အကြောင်းကို ပြောနေတဲ့သူ မဟုတ်ပါဘူး၊ မေတ္တာပို့သနေတဲ့ သူလည်းမဟုတ်ပါဘူး ။ သူတို့ရဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ မေတ္တာပြပြီး လုပ်ဆောင်ပေးမဲ့သူပါ။ ထမင်းဆာနေတဲ့ လူတစ်ယောက်ကို ဗိုက်ဝပါစေလို့ ဆန္ဒပြုမေတ္တာပို့တာထက်၊ ထမင်းတစ်နပ် ကျွေးလိုက်တာဟာ ပိုပြီး ထိရောက်ပါလိမ့်မယ်။ မေတ္တာပို့သခြင်းဟာ သင့်အတွက် ကုသိုလ်ထူးရပေမယ့် သူတပါး အတွက်တော့ လက်တွေ့မကျလှပါဘူး။
ယေရှုဘုရားဟာ မေတ္တာရှိရုံတင် မကဘူး၊ မေတ္တာရှင်ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုတယ်။ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာဟာ လူတွေဆီမှာ မရှိပါဘူး။ ဘုရားဆီမှာပဲရှိတယ် ။ လူတွေအားလုံး စစ်မှန်တဲ့မေတ္တာကို လိုနေတယ်ဆိုတာ တကယ်တော့ ဘုရားကို လိုနေတာပါ။ ဘုရားဟာ ပြီးပြည့် စုံပြီးသားဖြစ်လို့ သူရဲ့ကိုယ်ကျိုးတစ်ခုမှမပါဘဲ ကိုယ်ကျိုးစွန့်မေတ္တာကို သင့်အတွက် လက်တွေ့ကျကျ ပြသခဲ့သူဖြစ်တယ်။ သင်စဉ်းစားကြည့်ပါ။ သင့်ရဲ့ အကုသိုလ် ဝဋ်ကြွေးအားလုံးကို သင့်အစားခံယူပြီး သံသရာမှလွတ်အောင် ကောင်းမှုပြုပေးသူ တစ်စုံတစ်ယောက်များ သင့်ရဲ့ ဘဝမှာ ရှိခဲ့ဖူးပါသလား။ ဒီကနေ့ ယေရှုဘုရားကတော့ သင့်ရဲ့ အတိတ်ကံပိနေတဲ့ ဝဋ်ကြွေးအားလုံးအတွက် သူဟာ လက်ဝါးကားတိုင်မှာ အသက်စတေးပြီး သင့်အတွက် ကောင်းမှုပြု အမျှပေးဝေခဲ့ပြီးပါပြီး၊ ယေရှု ဘုရားက ပြုပြီးသားဖြစ်ပေမဲ့ မိတ်ဆွေကမသိသေးလို့ ဒီမင်္ဂလာကို မခံစားရသေးတာဘဲ ဖြစ်မယ်။
ဒါကြောင့် သင့်ရဲ့မနောမှာ ဘုရားရဲ့သဘောက ကောင်းမှုပြု အမျှပေးဝေခဲ့တဲ့အပေါ် ယုံကြည် စွာနဲ့ သာဓုခေါ်နိုင်ခဲ့ရင်၊ သံသရာမှ လွတ်ခြင်းချမ်းသာနဲ့ ကောင်းမြတ်ခြင်းမင်္ဂလာ အဖြာဖြာဟာ လက်တွေ့ဘဝမှာ ခံစားရမယ်ဆိုတာ အသိပေးပြောကြား လိုက်ပါတယ် မိတ်ဆွေ။
သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ပြီးပါပြီ (အခြားအထောက်အကူပြုအချက်အလက်များ လိုက်လာရန်)