ဂျော့ရှ် မက်ဒါးဝဲလ်ထံမှ
ကျနော် ပျော်ရွှင်မှုကိုတောင့်တခဲ့တယ်။ ဒီတစ်ကမ္ဘာလုံးမှာ အပျော်ဆုံးလူသားတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ဘဝရဲ့အဓိပ္ပာယ်ကိုလည်း လိုချင်ခဲ့တယ်။ အောက်ကမေးခွန်းတွေအတွက်အဖြေတွေကို ရှာဖွေခဲ့တယ်-
အဲဒါတွေထက်တောင် ကျနော်က လွတ်လပ်ချင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာအလွတ်လပ်ဆုံးလူသားတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ကျနော့်အတွက် လွတ်လပ်ခြင်းဟာ ကိုယ်လုပ်ချင်တာလုပ်ရုံ မဟုတ်ပါဘူး။ အဲဒါ ဘယ်သူမဆို လုပ်နိုင်တာပဲ။ ကျနော့်အတွက် လွတ်လပ်ခြင်းဆိုတာ ကိုယ်လုပ်သင့်တာကို လုပ်နိုင်တဲ့စွမ်းအားရှိခြင်းပါပဲ။ လူအများစုက ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် အဲဒါကိုလုပ်နိုင်ဖို့ စွမ်းအားမရှိဘူးလေ။ အဲဒီတော့ ကျနော် စတင်အဖြေရှာပါတော့တယ်။
လူတိုင်းနီးပါး ဘာသာရေးတစ်ခုခုထဲမှာနေကြဟန်တူတဲ့အတွက် ကျနော်လည်း အသိသာကြီးပဲ၊ ဘုရားကျောင်းသွားတာပေါ့။ ဒါပေမယ့် နေရာမှားလို့ပဲဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ကျနော့်ခံစားမှုကို ပိုတောင်ဆိုးစေတယ်။ ဘုရားကျောင်းကို မနက်၊ နေ့လည်နဲ့ ညတွေမှာ သွားတာပဲ။ ဒါပေမယ့် မထူးဘူး။ ကျနော်က တကယ့် လက်တွေ့သမား။ တစ်ခုခုအသုံးမကျတော့ဘူးဆို လွှင့်ပစ်လိုက်တာပဲ။ ဒီတော့ ဘာသာရေးကို ကျနော်လက်လျှော့လိုက်တယ်။
ဂုဏ်သိက္ခာဟာ ကျနော်လိုချင်တဲ့အဖြေဖြစ်မလားလို့ စဉ်းစားမိပြန်တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်၊ ပြဿနာတစ်ခုကိုလက်ခံ၊ ကြိုးစားဖြေရှင်း၊ ပြီးတော့နာမည်ကျော်၊ ဒါဆိုဖြစ်ပြီလို့ စဉ်းစားမိတယ်။ ကျနော်တက်နေတဲ့ တက္ကသိုလ်ကျောင်းမှာ ကျောင်းသားခေါင်းဆောင်တွေဟာ ကျောင်းငွေတွေကိုင်ရပြီးတော့ နေရာတကာမှာ အာဏာပြတတ်ကြပါတယ်။ ဒါကြောင့် ပထမနှစ်အတန်းဥက္ကဌအတွက် ကျနော်ပြိုင်တော့ အရွေးခံရပါတယ်။ လူတိုင်းက ကိုယ့်ကိုယ်ကိုသိ၊ ကိုယ်ကဆုံးဖြတ်ချက်ချ၊ ကျောင်းရဲ့ငွေကိုသုံးပြီးတော့ ဟောပြောပွဲတွေအတွက် ကိုယ်ခေါ်ချင်တဲ့စကားပြောဆရာတွေ ဖိတ်ခေါ်၊ ဟန်ကိုကျလို့။ ကောင်းပါတယ်၊ ဒါပေမယ့် ကျနော်ကြိုးစားစမ်းသပ်ခဲ့သမျှ တခြားအရာတွေလိုပဲ ဒါလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြန်တယ်။ တနင်္လာနေ့မနက်တွေမှာ နှိုးလာတယ် (ပုံမှန်လို ယမန်နေ့ညကြောင့် ခေါင်းကိုက်ပြီးတော့လေ)။ စိတ်ထဲမှာတော့ “အင်း၊ နောက်ထပ်ငါးရက်တော့ လာပြန်ပြီ” လို့။ တနင်္လာကနေ သောကြာနေ့ထိ သည်းခံရတယ်။ ပျော်စရာက တစ်ပတ်မှာ သုံးညပဲလေ -- သောကြာည၊ စနေညနဲ့ တနင်္ဂနွေည။ ဒါပြီးရင် ငြီးငွေ့ဖွယ်အရမ်းကောင်းတဲ့သံသရာကြီးက တစ်ကျော့ပြန်လည်ပတ်နေတယ်။
အမေရိကန်နိုင်ငံ တက္ကသိုလ်တွေ၊ ကောလိပ်တွေက လူအနည်းအကျဉ်းကတောင် ကျနော့်လောက် ဘဝရဲ့အဓိပ္ပာယ်၊ အမှန်တရားနဲ့ ရည်ရွယ်ချက်တွေကို အမှန်တကယ် ရှာဖွေကြပါ့မလားလို့ သံသယဝင်မိတယ်။
အဲဒီအတောအတွင်းမှာ အုပ်စုငယ်လေးတစ်ခုကို သတိထားမိတယ်။ ကျောင်းသားရှစ်ယောက်နဲ့ ဆရာနှစ်ယောက်။ သူတို့ဘဝက တစ်ခုခုထူးခြားနေတယ်။ သူတို့ ဘယ်အရာကို ဘာအတွက် ယုံကြည်တယ်ဆိုတာ ကောင်းကောင်းသိကြဟန်တူတယ်။ သူတို့ဘဝက ဘယ်ကိုဦးတည်နေတယ်ဆိုတာလည်း သိကြဟန်တူပါတယ်။
ကျွန်တော်သတိထားမိတဲ့ အဲဒီလူတွေက ချစ်ခြင်းမေတ္တာအကြောင်းတွေ မပြောဘူး -- ကိုယ်တိုင်လုပ်ဆောင်ကြတယ်။ သူတို့ကြည့်ရတာ ဒီတက္ကသိုလ်ဘဝအခြေအနေတွေရဲ့ ဟိုးအထက်မှာ အမြင့်ပျံနေကြတဲ့ပုံစံပဲ။ လူတိုင်း ဝန်ပိနေကြပုံရတဲ့အခါတောင် သူတို့က အခြေအနေတွေပေါ်မမူတည်ဘဲ တင်းတိမ်ရောင့်ရဲပြီး တည်ငြိမ်အေးချမ်းနေကြမှန်းသိသာပါတယ်။ သူတို့ နှလုံးသားမှာ အမြဲပျော်ရွှင်မှု အရင်းအမြစ်တစ်ခုရှိကြဟန်တူပါတယ်။ သူတို့ဟာ ခံပြင်းစရာကောင်းလောက်အောင်ကို ပျော်ရွှင်ကြပါတယ်။ ကျနော့်မှာ မရှိတာတစ်ခု သူတို့မှာရှိနေပြီပဲ။
ပုံမှန်ကျောင်းသားတစ်ယောက်လိုပဲ ကျနော့်မှာမရှိတာ တစ်ယောက်ယောက်ဆီမှာရှိရင် အဲဒါကိုရချင်တော့တာပဲ။ ဒါကြောင့် ဒီစိတ်ဝင်စားစရာကောင်းတဲ့လူတွေကို မိတ်ဆွေဖွဲ့ဖို့ ကျနော်ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ချက်ချပြီး နှစ်ပတ်အကြာမှာ ကျောင်းသားအသင်း အခန်းထဲက စားပွဲတစ်ခုမှာ အားလုံးဝိုင်းပြီး ထိုင်ကြပါတယ်။ ကျောင်းသားခြောက်ယောက်နဲ့ ဆရာနှစ်ယောက် စကားဝိုင်း အစပြုပြီး ဘုရားအကြောင်းဖက်ကို ဦးတည်လာခဲ့ပါတယ်။
သူတို့တွေ ကျနော့်ကို စိတ်အနှောင့်အယှက်ပေးနေကြပါတယ်။ ဒီတော့ နောက်ဆုံး ကျနော် သူတို့ထဲက ကြည့်ပျော၊်ရှု့ပျော်ရှိတဲ့ ကျောင်းသူမလေးကို လှမ်းကြည့်လိုက်တယ် (အရင်ကဆို ခရစ်ယာန်တွေအားလုံး အရုပ်ဆိုးတယ်လို့ ထင်ခဲ့တာပါ)။ ပြီးတော့ (လူတွေက ကျနော်သူမကို စိတ်ဝင်စားတယ်ထင်မှာစိုးလို့) ထိုင်ခုံနောက်ကို ပြန်မှီလိုက်ပြီးတော့ “ပြောပြပါ၊ ခင်ဗျားတို့ဘဝကို ဘာက ပြောင်းလဲစေခဲ့တာလဲ? ခင်ဗျားတို့ဘဝဟာ ဘာကြောင့် ဒီကျောင်းဝင်းထဲကတခြားသူတွေရဲ့ဘဝနဲ့ မတူထူးခြားရတာလဲ?” လို့ မေးလိုက်ပါတော့တယ်။
အဲဒီအမျိုးသမီးလေးဟာ ခိုင်မာတဲ့ခံယူချက် တော်တော်ရှိပုံရပါတယ်။ သူမ ကျနော့်မျက်လုံးတွေကို စိုက်ကြည့်ြ့ပီးတော့ ဒီလိုတက္ကသိုလ်ကျောင်းမျိုးမှာ ဖြေရှင်းချက်အဖြေတစ်ခုအနေနဲ့ ကြားရလိမ့်မယ်လို့ ကျနော်လုံးဝမထင်ထားတဲ့ စကားလုံးနှစ်လုံးကိုပြောပါတယ်- “ယေရှု” တဲ့။
“ဟာ၊ ကျေးဇူးပြု၍၊ အဲဒီအရှုပ်ထုတ်ကြီးကိုတော့ မပေးပါနဲ့ဗျာ။ ကျနော် ဘာသာရေးကို စိတ်ကုန်နေပြီဗျ။ ဘုရားကျောင်းတက်တာလည်း စိတ်ကုန်တယ်။ ကျမ်းစာအုပ်ကြီးကိုလည်း စိတ်ကုန်တယ်။ အဲဒီ ဘာသာရေးအရှုပ်ထုတ်ကြီးကို မပေးစမ်းပါနဲဗျာ။” လို့ ကျနော်ပြန်ပြောလိုက်မိ်ပါတယ်။
သူမကလည်း “ဒီမှာ၊ ဘာသာရေးအကြောင်း ငါမပြောဘူး။ ယေရှုအကြောင်းကိုပြောနေတာ။” ဆိုပြီး တုံ့ပြန်ပါတယ်။ ကျနော် အရင်တုန်းက လုံးဝမသိဖူးတဲ့အရာတစ်ခုကို သူမပြောနေပြီ - ခရစ်ယာန်ယုံကြည်မှုဟာ ဘာသာရေးမဟုတ်ဘူး။ ဘာသာရေးဆိုတာ လူသားတွေ ကောင်းမှုအားဖြင့် ဘုရားဆီကိုရောက်ဖို့ ကိုယ့်လမ်းကို ထွင်လျှောက်နေကြတဲ့အခါ ဘာသာရေးလို့ ခေါ်တယ်။ ခရစ်ယာန်ယုံကြည်မှုဟာ ဘုရားက သူနဲ့ဆက်သွယ်မှုကိုပေးဖို့ ယေရှုခရစ်တော်အားဖြင့် လူတွေဆီကိုလာခြင်း ဖြစ်တယ်။
ခုလိုတက္ကသိုလ်ကျောင်းတွေမှာဆို တခြားနေရာတွေမှာထက်တောင် ခရစ်ယာန်ဘာသာအကြောင်း မှားယွင်းတဲ့အမြင်ရှိတဲ့သူ ပိုများမယ်လို့ထင်ပါတယ်။ အရင်တခါက ဘွဲ့ရသူများဆွေးနွေးပွဲတစ်ခုမှာ စကားပြောတဲ့ အကူဆရာတစ်ယောက်က “ဘုရားကျောင်းထဲကို ဝင်သွားတဲ့သူတိုင်း ခရစ်ယာန်ဖြစ်သွားတယ်” လို့ ပြောတယ်။ ကျမက “ကားဂိုထောင်ထဲဝင်သွားလိုက်တာနဲ့ ခင်ဗျား ကားဖြစ်သွားသလား?” လို့ ပြန်ပြောခဲ့ပါတယ်။ ခရစ်ယာန်ဆိုတာ ခရစ်တော်ကို စစ်မှန်စွာယုံကြည်တဲ့သူကို ခေါ်တာလို့ ကျမကို သွန်သင်ထားတယ်လေ။
ခရစ်ယာန်ဘာသာအကြောင်း ကျနော်သုံးသပ်ကြည့်တဲ့အခါမှာ ကျနော့်သူငယ်ချင်းသစ်တွေက ယေရှုအကြောင်းကို ပညာတတ်ဆန်ဆန် စစ်ဆေးကြည့်ဖို့ စိန်ခေါ်ကြပါတယ်။ ဗုဒ္ဓ၊ မိုဟာမက်နဲ့ ကွန်ဖြူးရှပ်တို့က သူတို့ကိုယ်သူတို့ ဘုရားပါလို့ ဘယ်တော့မှ မကြွေးကြော်ခဲ့ကြဘူးဆိုတာ ကျနော်သိရတယ်။ ကျနော့်သူငယ်ချင်းတွေက ယေရှုရဲ့ဘုရားဖြစ်ခြင်းအတွက်သက်သေပြချက်ကို စစ်ဆေးကြည့်ဖို့ ပြောပါတယ်။ သူတို့တွေက ယေရှုဟာ လူသားတွေအပြစ်အတွက် လက်ဝါးကားတိုင်မှာ လူသားဇာတိအနေနဲ့ အသေခံ၊ မြှုပ်နှံခြင်းခံရပြီးတော့ သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်ခဲ့တဲ့ ဘုရားဖြစ်တယ်၊ ဒါကြောင့်လည်း လူတွေရဲ့အသက်တာကို ပြောင်းလဲစေနိုင်တယ်လို့ လက်ခံယုံကြည်ကြပါတယ်။
ကျနော်က အဲဒါ ဟာသပြဇာတ်တစ်ပုဒ်ပဲလို့ ထင်ခဲ့တာ။ တကယ်ဆို ခရစ်ယာန်အများစုဟာ အသက်ရှင်ရုံရှင်တဲ့ အရူးအနှမ်းတွေလို့ ထင်ခဲ့တာ။ ခရစ်ယာန်တချို့ကိုတွေ့ဖူးတယ်လေ။ အတန်းထဲမှာဆို ခရစ်ယာန်တစ်ယောက် စကားပြောလာတဲ့အထိစောင့်ပြီးတော့ ပရော်ဖက်ဆာ ဘာမှမပြောနိုင်ခင် အဲဒီကျောင်းသားကို အရင်ဦးအောင် တစ်နည်းမဟုတ်တစ်နည်းနဲ့ အနိုင်ပိုင်းပြီး အမျိုးမျိုးစိတ်ဆွတတ်ပါတယ်။ ခရစ်ယာန်တွေမှာ ဦးနှောက်ဆဲလ်ရှိတယ်ဆိုရင်တောင် အဲဒီဆဲလ်ဟာအထီးကျန်ပြီးသေမယ်လို့တောင် ကျနော်စိတ်ကူးခဲ့တာပါ။ ခရစ်ယာန်ဘာသာအကြောင်းကို ဒီ့ထက်လည်း ဂဃနဏ ကျနော်မသိပါဘူး။
ဒါပေမယ့် ဒီလူတွေက ကျနော့်ကို ထပ်ခါထပ်ခါ စိန်ခေါ်နေကြတယ်။ နောက်ဆုံးမှာတော့ ကျနော် သူတို့စိန်ခေါ်မှုကို လက်ခံလိုက်ပါတော့တယ်။ သူတို့ကို ချေပချင်လို့သာ ခံပြင်းစိတ်နဲ့ လက်ခံခဲ့တာပါ၊ ဘာ အထောက်အထားမှရှိတာလည်းမဟုတ်ပဲနဲ့လို့ စိတ်ထဲကနေပေါ့။ လူတွေသုံးသပ်နိုင်လောက်အောင် ဘာသက်သေမှမရှိဘူးလို့ပဲ မှတ်ခဲ့တာလေ။
လပေါင်းများစွာ လေ့လာပြီးတဲ့အခါမှာတော့ ကျနော့်စိတ်က- ယေရှုဟာ သူပြောခဲ့သလိုပဲဖြစ်လိမ့်မယ်လို့ ကောက်ချက်ချလာတယ်။ အဲဒါမှပြဿနာပဲ။ ကျနော့်စိတ်က ဒီဟာတွေအားလုံးအမှန်ပဲလို့ ပြောနေပေမယ့် ကျနော့်ဆန္ဒက တခြားဖက်ကိုလွန်ဆွဲနေကြတယ်။
ခရစ်ယာန်တစ်ယောက်ဖြစ်လာဖို့ဆိုတာ တကယ်ကို မာနပွန်းပဲ့တာပါလားဆိုတာ တွေ့လာတယ်။ ယေရှုခရစ်တော်ကတော့ သူ့ကိုယုံဖို့ ကျနော့်ဆန္ဒကို တည့်တည့်ပဲ စိန်ခေါ်ပါတယ်။ တခြားနည်းနဲ့ ပြန်ရေးကြည့်ရရင် “ကဲ၊ ငါဟာ တံခါးရှေ့မှာရပ်နေပြီးတော့ တောက်လျှောက်ခေါက်နေတယ်။ မင်း ငါ့အသံကိုကြားပြီးတော့ တံခါးကိုဖွင့်မယ်ဆိုရင် မင်းဆီကို ငါဝင်လာခဲ့မယ်။” (ဗျာဒိတ် ၃း၂၀) လို့ ပြောနေပါတယ်။ ယေရှု ရေပေါ်လမ်းလျှောက်ခဲ့တာတွေ၊ ရေကိုစပျစ်ရည်ဖြစ်အောင်လုပ်ခဲ့တာတွေ ကျနော်ဂရုမစိုက်ပါဘူး။ ကျနော် “ပွဲဖျက်” တွေမလိုချင်လို့ပါ။ အချိန်ကိုဆွဲဆန့်ဖို့ တခြားနည်းလမ်း ကျနော်ရှာမတွေ့တော့ဘူး။ ဒီတော့ ကျနော်ဝန်ခံလိုက်မယ်- ကျနော့်စိတ်က ခရစ်ယာန်ဘာသာဟာ အစစ်အမှန်ပါပဲလို့ပြောနေပေမယ့် ကျနော့်ဆန္ဒကတော့ အဝေးကိုထွက်ပြေးနေတယ်။
အဲဒီ စိတ်ဝင်စားစရာကောင်းတဲ့ခရစ်ယာန်တွေနဲ့ အတူတူနေတိုင်း ဒီပြဿနာကစပြီ။ သင် စိတ်မသာမယာ ဖြစ်တဲ့အခါ အရမ်းပျော်နေတဲ့လူတွေ အနားမှာရှိဖူးတယ်ဆိုရင် သင့်ကို ဘယ်လောက် စိတ်အနှောင့်အယှက်ပေးတယ်ဆိုတာ နားလည်ပါလိမ့်မယ်။ သူတို့က အလွန်ပျော်ရွှင်ကြတယ်၊ ကျနော်ကျတော့ အလွန်စိတ်မသာမယာဖြစ်တဲ့အတွက် ကျောင်းသားအသင်း အခန်းထဲကနေ တကယ်ကို ထပြီးထွက်ပြေးရတယ်။ ဘယ်လောက်ထိတောင်လဲဆိုတော့ ကျနော် ညဆယ်နာရီမှာ အိပ်ယာဝင်ပြီး မနက်ပိုင်းလေးနာရီထိ အိပ်မပျော်နိုင်တဲ့ထိကိုပါ။ ကျနော် ရူးမသွားခင် ဒီအကြောင်းအရာကို စိတ်ထဲကနေထုတ်ပစ်ရမယ်ဆိုတာ သိခဲ့တယ်! နောက်ဆုံး ကျနော် တက္ကသိုလ်ဒုတိယနှစ် ၁၉၅၉၊ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၈း၃၀ နာရီမှာတော့ ကျနော့်စိတ်နဲ့နှလုံးသားဟာ သဘောတူချိတ်ဆက်လာကြပါတော့တယ် -- ကျနော် ခရစ်ယာန် တစ်ယောက် ဖြစ်လာပါတယ်။
အဲဒီညမှာ ကျနော့်ဘဝကိုပြောင်းလဲပေးခဲ့တဲ့ ယေရှုခရစ်တော်နဲ့အတူ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ အချက်လေးချက်ကို ကျနော်ဆုတောင်းခဲ့ပါတယ်။ ပထမ- “သခင်ယေရှု၊ ကျွန်တော့်အတွက် လက်ဝါးကားတိုင်မှာ အသေခံခဲ့တာ ကျေးဇူးတင်ပါတယ်” ။ ဒုတိယ- “ကျွန်တော့်ဘဝမှာလုပ်ခဲ့မိတဲ့ ကိုယ်တော်မနှစ်သက်တဲ့ အရာများကို ဝန်ချပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပြီး ဆေးကြောဖို့ တောင်းခံပါတယ်။” တတိယ- “အခုပဲ အတတ်နိုင်ဆုံး ကျွန်တော်နားလည်သလို ကျွန်တော့်ဘဝနဲ့ နှလုံးသားတံခါးကိုဖွင့်လှစ်ပြီးတော့ ကိုယ်တော့်ကို ကျွန်တော့်ရဲ့ကယ်တင်ရှင်နဲ့သခင်အဖြစ် ယုံကြည်လက်ခံပါတယ်။ ကျွန်တော့်ဘဝကို အုပ်စိုးတော်မူပါ။ ကျွန်တော့်အတွင်းစိတ်ကနေ ပြုပြင်တော်မူပါ။ ကိုယ်တော်ဖြစ်စေလိုတဲ့လူပုဂ္ဂိုလ်ဖြစ်အောင် ပုံသွင်းတော်မူပါ။” ကျနော်နောက်ဆုံးအနေနဲ့ “ယုံကြည်ခြင်းအားဖြင့် ကျွန်တော့်အသက်တာထဲကို ဝင်လာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီးပြောပါတယ်။ အဲဒါဟာ သမိုင်းနဲ့ ဘုရားသခင်ရဲ့နူတ်ကပတ်တော်သက်သေအပေါ် အခြေခံတဲ့ယုံကြည်ခြင်းပဲဖြစ်ပါတယ်။ ဉာဏ်ပညာမဲ့ခြင်းကနေ အခြေခံတဲ့ယုံကြည်မှုမျိုးမဟုတ်ပါဘူး။
သူတို့ရဲ့လျှပ်တပြက်အတွေ့အကြုံတွေအကြောင်းပြောတဲ့ ဘာသာရေးလူတစ်ချို့ကို သင်ကြားဖူးမယ်လို့ ကျနော်ယူဆပါတယ်။ ဟုတ်ကဲ့၊ ကျနော်ဆုတောင်းပြီးတဲ့အခါမှာ ဘာထူးထူးခြားခြားမှ ဖြစ်မလာပါဘူး။ တကယ်ကိုမဖြစ်တာပါ။ အတောင်ပံတွေလည်း ပေါက်မလာပါဘူး။ တကယ်ဆိုရင် အဲဒီဆုံးဖြတ်ချက် ချပြီးတဲ့အချိန်မှာ ဆိုးဆိုးဝါးဝါးကို ခံစားပါတယ်။ တကယ်ကို အန်ချတော့မတတ်ပါပဲ။ ‘ဒုက္ခပါပဲ၊ မင်းက ဘာနဲ့သွားပတ်သက်မိတော့မလို့လဲ?’ လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ ကျနော့်စိတ်တွေ ကြောင်ကုန်ပါပြီလို့တောင် တကယ်ထင်လိုက်တယ်။ (တချို့လူတွေတောင် အဲဒီလိုဖြစ်သွားပြီလို့ကို ထင်ကြမယ်ဆိုတာသိတယ်လေ!)
ဒါပေမယ့် ခြောက်လကနေ တစ်နှစ်ခွဲ အတွင်းမှာ ကျနော် စိတ်တွေကြောင်သွားတာမဟုတ်ဘူးဆိုတာ နားလည်လိုက်ပါတယ်။ ကျနော့်ဘဝက တကယ်ပြောင်းလဲသွားပါပြီ။ တစ်ခါတောင် မစ်ဒ်ဝက်စတန်တက္ကသိုလ်ရဲ့ သမိုင်းဌာနမှူးနဲ့ စကားငြင်းခုံပြောဖြစ်ကြသေးတယ်။ ကျနော့်ဘဝ ပြောင်းလဲသွားပြီလို့ ကျနော်ပြောပါတယ်။ သူက “မက်ဒါးဝဲလ်၊ ဒီ ၂ဝရာစုကြီးမှာကို ဘုရားက နင့်ဘဝကို တကယ်ပဲပြောင်းလဲစေတယ်လို့ ပြောနေတာလား? ဘယ်အပိုင်းတွေမှာလဲ?” လို့ ကြားဖြတ်ပြောပါတယ်။ ကျနော် (၄၅) မိနစ်ကြာ ပြောပြီးနောက်မှာတော့ သူက “ဟုတ်ပြီ၊ ဒီလောက်ဆိုတော်ပြီ” လို့ ပြောလိုက်တော့တယ်။ အဲဒီနေ့မှာ ကျနော် ဆရာနဲ့ ကျောင်းသားထုကို ပြောပြတဲ့အထဲက အနည်းငယ်ကို ပြန်ပြောပြ ပါရစေ။
ဘုရားသခင်ပြောင်းလဲပေးတဲ့အပိုင်းတစ်ခုက ကျနော့်ရဲ့စိတ်ဂဏှာမငြိမ်ခြင်းပါပဲ။ ကျနော်စိတ်တွေက အမြဲတမ်းစဉ်းစားနေတယ်။ ကျောင်းဝင်းအတိုင်းဖြတ်လျှောက်နေရင်းနဲ့ ကျနော့်စိတ်တွေမှာ ပြဿနာတွေ လေပွေလို နံရံဟိုဖက်ဒီဖက် ပြေးရိုက်နေကြတယ်လို့ခံစားရတယ်။ ထိုင်ပြီးတော့စာလုပ်ဖို့ကြိုးစားတယ်၊ မရဘူး။ ယေရှုကိုလက်ခံဖို့ အဲဒီဆုံးဖြတ်ချက်ကိုချပြီးတဲ့နောက် လအနည်းငယ်အကြာမှာ စိတ်ပိုင်းဆိုင်ရာငြိမ်ချမ်းမှု ဖြစ်ပေါ်လာပါတယ်။ နားလည်မှုမလွဲပါနဲ့၊ အဲဒီပြဿနာတွေယူပစ်သလို ပျောက်သွားတယ်လို့ ကျနော်ပြောနေတာမဟုတ်ပါဘူး။ ယေရှုနဲ့ဆက်သွယ်မှုမှာ ကျနော်ရရှိတာက ပြဿနာကင်းမဲ့ခြင်းမဟုတ်ဘဲနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းပါ။ ကမ္ဘာပေါ်ကဘယ်အရာနဲ့မှ ကျနော် အဲဒါကို မလဲနိုင်ပါဘူး။
စတင်ပြောင်းလဲတဲ့ တခြားအစိတ်အပိုင်းတစ်ခုက ကျနော့်ရဲ့ဒေါသကြီးခြင်းပါပဲ။ တစ်ယောက်ယောက် ကျနော့်ကိုမျက်လုံးစွေကြည့်ရင်တောင် အရမ်းကိုစိတ်ဆိုးခဲ့တာ။ ကျနော် ကောလိပ်ပထမနှစ်မှာ လူတစ်ယောက်ကိုသတ်မိခါနီးဖြစ်ရာကနေရတဲ့ အမာရွတ်တွေတောင် ခုထိရှိပါသေးတယ်။ ဒေါသစိတ်ဟာ ကျနော့်ဖြစ်ခြင်းအစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် တမင်တကာပြောင်းလဲဖို့ ကျနော်မကြိုးစားခဲ့ပါဘူး။ အဲ- ကျနော်စိတ်တွေ လုံးဝချုပ်တည်းလို့မရတော့မယ့် အခြေအနေကိုရောက်တဲ့အချိန်မှာ အဲဒီစိတ်တွေပျောက်နေပြီဆိုတာ တွေ့လိုက်ရတယ်! ၁၄ နှစ်မှာတစ်ခါ ပေါက်ကွဲခဲ့မိပါတယ် (ပြီးတော့ အဲဒီတုန်းကပေါက်ကွဲခဲ့တာကိုလည်း နောက်ထပ်ခြောက်နှစ်လောက်ကို ပြုပြင်ဖို့အချိန်ယူခဲ့ရပါတယ်!)။
ကျနော်ဂုဏ်မယူတဲ့အပိုင်းတစ်ခုလည်း ရှိပါသေးတယ်။ ဒါပေမယ့် ကျနော်ပြောပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေ သူတို့ဘဝမှာ ကျနော်လိုပြောင်းလဲမှုကိုရဖို့လိုပါတယ်၊ ပြီးတော့ ပြောင်းလဲဖို့အရင်းအမြစ်ကို ကျနော် ရှာဖွေတွေ့ရှိခဲ့တယ်၊ အဲဒါ ယေရှုခရစ်တော်နဲ့ ဆက်သွယ်မှုပြုခြင်းဖြစ်တယ် ဆိုတာကို လူတွေသိသင့်တယ်လေ။ အဲဒီအစိတ်အပိုင်းကတော့ မုန်းတီးတဲ့စိတ်ပါပဲ။ ကျနော့်ဘဝမှာ အမုန်းတွေ အများကြီးရှိခဲ့ပါတယ်။ အဲဒါ အပြင်မှာ သိပ်မသိသာပါဘူး။ ဒါပေမယ့် အထဲမှာကျတော့ အံသွားတကြိတ်ကြိတ်ဆိုတာလိုပါပဲ။ လူတွေ၊ ပစ္စည်းတွေ၊ အကြောင်းအရာတွေကို အရမ်းမုန်းတယ်။
ကမ္ဘာပေါ်ကတခြားလူတွေထက် ကျနော်ပိုမုန်းရမယ့်လူတစ်ယောက်ကတော့ ကျနော့်အဖေပါပဲ။ သူ့ကို အရမ်းကိုမုန်းခဲ့ပါတယ်။ သူဟာ ကျနော့်အတွက်တော့ တစ်မြို့လုံးရဲ့ချဉ်ဖတ်ပါပဲ။ အားလုံးက ကျနော့်အဖေဟာ အရက်သမားဆိုတာသိတယ်။ ကျနော့်သူငယ်ချင်းတွေက မြို့ထဲမှာ ယိုင်တိယိုင်တိုင်လျှောက်သွားနေတတ်တဲ့ အဖေ့အကြောင်းကို ဟာသလုပ်ပြောကြတယ်။ ကျနော် စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ သူတို့မထင်ဘူး။ ကျနော်က တခြားလူတွေလိုပဲ -- အပြင်ပန်းအားဖြင့် ရယ်တာပေါ့။ ဒါပေမယ့် ပြောပြမယ်၊ ကျနော် အတွင်းထဲမှာ ငိုနေရတယ်ဗျ။ တခါတလေ စပါးကျီတိုက်ထဲကို ပြေးဝင်ပြီးတော့- အဖေရိုက်တာခံရပြီး နွားတွေရဲ့နောက်က နွားချေးပုံထဲမှာ မထနိုင်လောက်အောင်ကို လဲနေတဲ့ အမေ့ကို အပြေးတစ်ပိုင်း သွားကြည့်ရတဲ့အချိန်တွေလည်းရှိတယ်။ ကျနော့် သူငယ်ချင်းတွေရှိတဲ့အချိန်ဆိုရင် အဖေ့ကိုဆွဲထုတ်ပြီး စပါးတိုက်ထဲမှာကြိုးနဲ့တုပ်ပြီးတော့ ကားကိုသိုလှောင်ရုံဖက်မှာထိုးရပ်ရတယ်။ ပြီးတော့ အဖေ့ကို တစ်ခြားနေရာမှာ နေခိုင်းမှဖြစ်မယ်လို့ သူငယ်ချင်းတွေကို ပြောလိုက်တယ်။ ကျနော့်အဖေကို ကျနော်မုန်းတာလောက် ဘယ်သူကမှ သူ့ကိုမုန်းနိုင်မယ်လို့ မထင်ဘူး။
ခရစ်တော်ကိုလက်ခံဖို့ဆုံးဖြတ်ပြီးတဲ့အခါမှာ ခရစ်တော်ကျနော့်ဘဝထဲဝင်လာတယ်။ သူ့မေတ္တာဟာ အားကောင်းလွန်းတဲ့အတွက် ကျနော့်ရဲ့အမုန်းတရားတွေကိုယူပြီး ပြောင်းပြန်လှန်ပစ်ပါတယ်။ ကျနော်ဟာ အဖေ့ရဲ့မျက်လုံးတွေကို စေ့စေ့ကြည့်ပြီးတော့ “အဖေ့ကိုချစ်တယ်၊ အဖေ” လို့ ပြောနိုင်ခဲ့ပါတယ်။ ကျနော် အမှန်အတိုင်းပြောခဲ့တာပါ။ တချို့အံ့သြစရာတွေ ကျနော်လုပ်ပြီးတဲ့အခါမှာတော့ အဖေ တုန်လှုပ်တော့တာပဲ။
ပုဂ္ဂလိကတက္ကသိုလ်တစ်ခုကို ကျနော်ပြောင်းတက်တုန်းက ကျနော် ပြင်းပြင်းထန်ထန် ကားအက်ဆီးဒင့် ကြုံခဲ့ပါတယ်။ ကျနော့်လည်ပင်းရိုးထိခိုက်တဲ့ဒဏ်ရာနဲ့ အိမ်ကိုပြန်ရပါတယ်။ အဖေ အခန်းထဲဝင်လာပြီး လာကြည့်တာကို ကျနော်ဘယ်တော့မှမေ့နိုင်မှာ မဟုတ်ပါဘူး။ သူက “ငါ့သား၊ ငါလိုအဖေမျိုးကို မင်း ဘယ်လိုလုပ်ပြီး ချစ်နိုင်ရတာလဲ?” လို့ မေးပါတယ်။ ကျနော်က “အဖေ၊ လွန်ခဲ့တဲ့ခြောက်လတုန်းက ကျနော် အဖေ့ကို မထီမဲ့မြင်ပြုခဲ့တယ်” လို့ ပြန်ပြောပြတယ်။ ပြီးတော့ နောက်ဆုံးမှာ ခရစ်တော်ကိုတွေ့ဖို့ အခြေအနေရောက် လာတဲ့အကြောင်းတွေကို ပြောပြပါတယ်။ “အဖေ၊ ကျနော့်ဘဝထဲ ယေရှုခရစ်တော်ကို ခေါ်ဖိတ်လက်ခံပြီးပြီ။ ကျနော် လုံးစေ့ပတ်စေ့ မရှင်းပြတတ်ဘူး။ ဒါပေမယ့် အဲဒီဆက်သွယ်ချက်တစ်ခုကြောင့် အဖေ့တင်မကဘူး၊ တခြားလူတွေကိုပါ သူတို့ဖြစ်တဲ့အတိုင်းကို လက်ခံပြီးချစ်ဖို့ စွမ်းအားတွေရလာတာပါ” လို့ ပြောပါတယ်။
လေးဆယ့်ငါးမိနစ်အကြာမှာတော့ ကျနော့်ဘဝရဲ့အကြီးမားဆုံးစိတ်လှုပ်ရှားဖွယ်ရာတစ်ခု ဖြစ်ပွားပါတယ်။ ကျနော့်မိသားစုဝင်တစ်ယောက်၊ ကျနော့်ကိုကောင်းကောင်းသိတဲ့အတွက် ကျနော် ဘယ်လိုမှ လိမ်ညာလှည့်ဖျားလို့ရမှာမဟုတ်တဲ့သူတစ်ယောက်က “ဒီမှာငါ့သား၊ တကယ်လို့ ဘုရားသခင်က သားဘဝမှာလုပ်ဆောင်ခဲ့တာ အဖေတွေ့ရတဲ့အတိုင်း အဖေ့ဘဝမှာလည်း လုပ်ဆောင်နိုင်မယ်ဆိုရင် အဖေလည်း သူ့ကို အခွင့်အရေးပေးချင်တယ်။” လို့ ပြောချလိုက်ပါတော့တယ်။ အဲဒီနေရာမှာပဲ အဖေ ကျနော်နဲ့အတူဆုတောင်းပြီး သူ့အပြစ်တွေအတွက် ခွင့်လွှတ်ခြင်းရဖို့ ခရစ်တော်ကို လက်ခံပါတော့တယ်။
ပုံမှန်အားဖြင့် ပြောင်းလဲခြင်းဆိုတာ ရက်တွေ၊ လတွေ၊ တခါတလေ တစ်နှစ်တောင် အချိန်ယူတတ်ပါတယ်။ အဖေ့အသက်တာကျတော့ ကျနော့်မျက်စိရှေ့မှာတင်ကို ပြောင်းလဲသွားပါတယ်။ တစ်ယောက်ယောက် ဆင်းလာပြီး မီးဖွင့်လိုက်တဲ့အတိုင်းပါပဲ။ အရင်ကရော၊ ခုချိန်ထိ အဲဒီလောက်မြန်ဆန်တဲ့ပြောင်းလဲခြင်းမျိုးကို ကျနော်မမြင်ဖူးပါဘူး။ အဲဒါတွေ ပြီးတဲ့နောက်မှာ တစ်ခါ အဖေဟာဝီစကီပုလင်းကို လက်ထဲမှာကိုင်ပါတယ်။ သူ့နှုတ်ခမ်းတွေဆီကို မ,ယူပြီးတော့ -- အဲဒီအထိပါပဲ။ ပြန်ချထားလိုက်တော့တယ်။ ကျနော် ကောက်ချက်ချလိုက်တယ်။ ယေရှုခရစ်တော်နဲ့ဆက်သွယ်ခြင်းဟာ ဘဝကို ပြောင်းလဲစေတယ်လို့။
ခရစ်ယာန်ယုံကြည်မှုကို သင် ရယ်သွမ်း နိုင်ပါတယ်။ ပြက်ရယ်ပြုပြီးတော့ ဟာသလုပ်လို့ရပါတယ်။ ဒါပေမယ့် ခရစ်ယန်ယုံကြည်မှုဆိုတာ လေးနက်ပြီး အဓိပ္ပါယ်ရှိတယ်။ လူတွေရဲ့ အသက်တာတွေကို ပြောင်းလဲစေပါတယ်။ ခရစ်တော်ကိုယုံကြည်တယ်ဆိုရင် သင့်စိတ်ထားနဲ့အမူအကျင့်တွေကို စောင့်သာကြည့်ပါ၊ ဘာကြောင့်လဲဆိုတော့ ယေရှုခရစ်တော်ဟာ သင့်အသက်တာပြောင်းလဲဖို့ အလုပ်လုပ်နေတယ်။
ဒါပေမယ့် ခရစ်ယာန်ယုံကြည်မှုဟာ ကိုယ်ထင်တာတစ်ခုကို အတင်းအကျပ်ယုံခိုင်းတဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ကျနော်လုပ်နိုင်တာက ကျနော်လေ့လာခဲ့တာကို ပြောပြတာပဲ ဖြစ်တယ်။ ဒါပြီးရင်၊ ဆုံးဖြတ်ချက်ချဖို့ သင့်အပိုင်းပါ။
ကျနော်တောင်းခဲ့တဲ့ဆုတောင်းချက်က သင့်ကိုအထောက်အကူပြုရင်ပြုပါမယ်- “သခင်ယေရှု၊ ကိုယ်တော့်ကို အလိုရှိပါတယ်။ ကျွန်တော်/ကျွန်မအတွက် လက်ဝါးကားတိုင်ပေါ်မှာ အသေခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်/ကျွန်မကို ခွင့်လွှတ်ပြီး ဆေးကြောတော်မူပါ။ ယခု အချိန်မှာ ကိုယ်တော့်ကို ကယ်တင်ရှင်နဲ့သခင်အဖြစ် ယုံကြည်လက်ခံပါတယ်။ ကိုယ်တော်ဖြစ်စေလိုတဲ့ လူပုဂ္ဂိုလ်မျိုးဖြစ်အောင် ပုံသွင်းတော်မူပါ။ ခရစ်တော်၏နာမတော်မြတ်၌၊ အာမင်။”
သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ပြီးပါပြီ (အခြားအထောက်အကူပြုအချက်အလက်များ လိုက်လာရန်)
ဂျော့ရှ်မက်ဒါးဝဲလ် (Josh McDowell) သည် နိုင်ငံတကာသိတရားဟောဆရာ၊ စာရေးဆရာနှင့် Campus Crusade for Christ ၏ ခရီးသွားကိုယ်စားလှယ်ဖြစ်ပါသည််။ သူသည် လူကြိုက်များခဲ့သော More Than a Carpenter နှင့် Evidence That Demands A Verdict တို့ အပါအဝင် စာအုပ်ပေါင်း (၅၅) အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။